‌နေပြည်တော်   ဒီဇင်ဘာ  ၂၉

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဒီဇင်ဘာ(၂၆)ရက်မှ (၂၉) ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များသို့သွားရောက်၍ မြန်မာ့မီးရထား၊ ထောက်ပံ့ ဌာန(ရန်ကုန်)၊ မော်လမြိုင်ဘူတာကြီး၊ ကွန်ကရစ် ဇလီဖားစက်ရုံ(မုတ္တမ)၊ စက်ခေါင်းပြင်စက်ရုံ(မုတ္တမ)၊ စက်ခေါင်းပြင်စက်ရုံ(မော်လမြိုင်)နှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းရှိ သံလွင်တံတား(မော်လမြိုင်)ရှိ ရထားလမ်းကြံ့ခိုင်မှုတို့ကို စစ်ဆေးသည်။

 

ဉီးစွာ ဒုတိယဝန်ကြီးသည် မြန်မာ့မီးရထား၊ ထောက်ပံ့ဌာန(ရန်ကုန်)သို့သွားရောက်၍ စတိုပစ္စည်းများ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုပြီး သတ်မှတ်လုပ်ငန်းစဉ်အတိုင်း စတိုပစ္စည်းများကို လက်ခံထုတ်ပေးခြင်းများ ပြုလုပ်သွားရန် ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းရှိ သံလွင်တံတား(မော်လမြိုင်)၏ ကြံ့ခိုင်မှုအခြေအနေကို RBE ရထားဖြင့် လိုက်ပါစီးနင်းစစ်ဆေးခဲ့ပြီး ပင်မတံတားရှိဆွေးမြေ့နေသည့် သစ်သား ဇလီဖားများ စစ်ဆေးလဲလှယ်သွားရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မော်လမြိုင်ဘူတာသို့သွားရောက်၍ မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် အမှတ် (၈၂) အစုန်၊ လူစီးအမြန်ရထားကိုလည်းကောင်း၊ ကွန်ကရစ်ဇလီဖားစက်ရုံ(မုတ္တမ)တွင် ကွန်ကရစ် ဇလီဖား၊ သံလမ်းထိန်းကလစ်များနှင့် ရထားလမ်းဆိုင်းဘုတ် ထုတ်လုပ်နေမှုကိုလည်းကောင်း၊ စက်ခေါင်းပြင် စက်ရုံ(မုတ္တမ)နှင့် စက်ခေါင်းပြင်စက်ရုံ(မော်လမြိုင်)တို့ကိုလည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး စက်ခေါင်းများပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျ ကောင်းမွန်အောင် ပြုပြင်ရန်၊ Spare Parts များ လုံလောက်မှုရှိစေရန်နှင့် စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)