နေပြည်တော် ဒီဇင်ဘာ ၂၉

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပရေးနှင့် ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံ အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ကြသော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူး များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လာမည့်မတ်လတွင်ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သည် နိုင်ငံတော်အဆင့်ကျင်းပသည့် စာမေးပွဲဖြစ်ပြီး KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံး တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများအနေဖြင့် ကျရာတာဝန်များကို ညီညီညွတ်ညွတ် လက်တွဲ၍ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။   

 

အဆင့်မြင့်ပညာကဏ္ဍနှင့် စပ်လျဉ်း၍ တက္ကသိုလ်များ၏ အရည်အသွေးရှိသော ဒေသအကျိုးပြု၊ နိုင်ငံ အကျိုးပြု သုတေသနစာတမ်းများသည် နိုင်ငံအတွက်အလွန်တန်ဖိုး ကြီးမားပါကြောင်း၊ သုတေသန လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ် ကြိုးစားဆောင် ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပါမောက္ခချုပ်များအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် ပညာရေး ဝန်ကြီးဌာန၏ ၂၃ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါညီလာခံတွင် တက္ကသိုလ်အလိုက်ပြခန်းများ ပြသဆောင်ရွက်ရာတွင် မိမိတို့တက္ကသိုလ်သမိုင်း အကျဉ်းချုပ်ဖော်ပြရန်နှင့် ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းစဉ်များနှင့် ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းစဉ်များကို ထိထိမိမိ ပြသ ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့တက္ကသိုလ်အလိုက် စာရင်းအချက်အလက်များကို စနစ်တကျ ထိန်းသိမ်းကြရန်နှင့် အဆင့်မြင့်ပညာဦးစီးဌာနနှင့်ချိက်ဆက်၍  သတင်းအချက်အလက် မှန်ကန် တိကျရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရုံးစာများထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကြီးကြပ် ဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာစစ်ဌာနများ အဆင်ပြေချောမွေ့စွာ ဖြေဆိုဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ပြခန်းများပြသမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး MSME အထောက်အကူပြုသုတေသနများကို အလေးထားဆောင်ရွက်ရေး တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန်‌‌ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က လိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)