ရန်ကုန် ဒီဇင်ဘာ ၂၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၈)ရပ်ကွက်ရှိ Center for Vocational Training Center (CVT Myanmar) သို့ သွားရောက်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
CVT Myanmar သို့ ရောက်ရှိစဉ် အမှုဆောင်ဒါရိုက်တာချုပ်က စတင်တည်ထောင်ချိန်မှ ၂၀၂၁ ခုနှစ်အထိ သက်မွေးသင်တန်း (၈)မျိုးမှ သင်တန်းသား ၂၀၄၃ ဦး မွေးထုတ်ပေးခဲ့မှု၊ ၂၀၂၃ ခုနှစ်အတွင်း သင်တန်းသား (၄၈၁)ဦး မွေးထုတ်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် သင်တန်းသား (၇၀၀) ကျော် မွေးထုတ် ပေးရန် လျာထားဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်သည်နှင့်အမျှ နိုင်ငံတော်၊ အလုပ်ရှင်နှင့် ကာယကံရှင်လုပ်သားများအတွက် များစွာအကျိုးရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ လုပ်ခလစာများရရှိပြီး မိသားစုဝင်ငွေများ တိုးတက်စေရန် ရည်ရွယ်၍ ဦးစီးဌာန အသိအမှတ်ပြု ပုဂ္ဂလိက သင်တန်းကျောင်းများတွင် ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ပို့ချစေခဲ့ပြီး ဦးစီးဌာနမှ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းများကို အရည်အသွေးအာမခံချက်ရှိစေရေးနှင့် သင်တန်းဆင်းများအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင် ရရှိစေရေးဦးစီးဌာနှင့် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပုလဲရတနာ အသက် မွေးဝမ်းကျောင်းသင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံက Under Graduate Diploma in Software Engineering သင်တန်းများကို သင်တန်းအမျိုးအစား (၄) မျိုး ဖွင့်လှစ်ပို့ချ၍ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာတွင် IT Professional အဖြစ် လုပ်ကိုင်လိုသူများအတွက် IT Foundation Class များကို ဖွင့်လှစ်ခဲ့မှု၊ ပြည်တွင်းပြည်ပတွင် Software Developer အလုပ်ဖြင့် Outsourcing လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အလုပ်အကိုင်အခွင့်အလမ်းများသော အခြားသင်တန်း အမျိုးအစားများကို တိုးချဲ့ ဖွင့်လှစ်နိုင်ရေးစီစဉ် ဆောင်ရွက်ရန်နှင့် IT အလုပ်အကိုင်များကို ကျွမ်းကျင်မှု “စံ” သတ်မှတ်ချက် များရေးဆွဲနိုင်ရေးနှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းများအတွက် ဦးစီးဌာနမှတစ်ဆင့် မြန်မာနိုင် ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) နှင့် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားသည်။
(သတင်းစဉ်)