တောင်ကြီး  ဒီဇင်ဘာ  ၂၉

 

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် သစ်တောဦးစီးဌာနမှ  အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (Asian Forest Cooperation Organization-AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောမှီခို နေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တော တည်ထောင်ခြင်းစီမံကိန်း  (FD-AFoCO Model Forest Project)”ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ (၄)နှစ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ စီမံကိန်း၏အဓိက ရည်မှန်းချက်ဖြစ်သော ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးစေရန်နှင့် ထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေသော မြေယာစီမံအုပ်ချုပ်ခြင်း နည်းလမ်းဖြင့်   စံပြသစ်တောများ တည်ထောင်နိုင်ရန်  စီမံကိန်း ၏    လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ကော်ဖီပင်စိုက်ပျိုးပြုစုခြင်း ဆိုင်ရာသင်တန်းကို   ဒီဇင်ဘာ ၂၈ ရက် နံနက် ၈ နာရီခွဲက    ပြည်နယ်သစ်တောဦးစီးဌာန   ညွှန်ကြားရေးမှူးရုံး ရတနာသစ်ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင်  သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အမှာစကားပြောကြားပြီး    သင်တန်း နည်းပြများက    သင်ခန်းစာများ ဆက်လက်ပို့ချခဲ့ကြောင်းနှင့် သစ်တောဦးစီးဌာန၊  လေ့ကျင့်ရေးနှင့်  သုတေသနဖွံ့ဖြိုးရေးဌာနနှင့် ရှမ်းပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီး အရာရှိများ နယ်မြေခံတာဝန်ခံများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ  တာဝန်ရှိသူများ၊ လွယ်တန့်ဒေသခံပြည်သူ အစုအဖွဲ့ပိုင်    သစ်တောလုပ်ငန်း လုပ်ကိုင်နေသော ဒေသခံများ စုစုပေါင်း ၄၀  တက်ရောက်ပြီး  ဒီဇင်ဘာ ၂၈   ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)