ရန်ကုန် ဒီဇင်ဘာ ၃၀
ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း အမှတ်စဉ် (၇) နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၁၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထိန်လင်းက အမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆု နှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ သင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအား လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံ သာမက အရည်အသွေးနှင့် ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာစေ ရန်၊ နိုင်ငံတကာ အစိုးရများ၏ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ ပြည်သူ့ဝန်ဆောင်မှု၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခေါင်းဆောင်မှုဘာသာရပ် များအား သိရှိနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၀ နှင့် စာရေးဝန်ထမ်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်ခဲ့ကြပြီး ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်