နေပြည်တော် ဒီဇင်ဘာ ၃၀

လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဌာနကကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ယနေ့နံနက် (၉)နာရီခွဲကအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့်လုပ်ငန်းညှိနိုင်းအစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ပြောကြားသည်။ 

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း က ကောက်ယူခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် အိမ်ထောင်စု (၁၂) သန်းကျော်၊ အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု (၂ ဒဿမ ၈) သန်းကျော်၊ စုစုပေါင်းအိမ်ထောင်စု (၁၅) သန်းခန့် ကောက်ယူပြီးစီး ခဲ့ပါကြောင်း၊ နယ်မြေဒေသလုံခြုံရေး အခြေအနေအရ အချို့ဒေသအနည်းငယ်သာ ကောက်ယူရန်ကျန်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းမှရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီ အဆင့်ဆင့်က စိစစ်အတည်ပြုကြပြီး ဗဟိုကော်မတီသို့ သတ်မှတ်ကာလအတွင်း ပြုစုတင်ပြကြရမည်ဖြစ်ပြီး ဗဟိုကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြ၍ အတည်ပြုစာရင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှဲပြောင်းပေးပို့ကြရမည်ဖြစ်ရာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် စာရင်းဇယားမှန်ကန်စွာ ပြုစုနိုင်ရန် အရေးကြီးပြီးတာဝန်ယူမှု တာဝန်ခံမှုအပြည့်နှင့့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။   

ယင်းစာရင်းများအရ ကိုင်ဆောင် ကတ်ပြားမရှိသေးသည့် မဲပေးပိုင်ခွင့်ရှိသူများကိုလည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် ထုတ်ပေးရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း၊ ပန်းခင်းစီမံချက်အဆင့်(၁)ဖြင့် လူဦးရေ (၃ ဒဿမ ၄) သန်းကျော်၊ ပန်းခင်းစီမံ ချက်အဆင့်(၂)ဖြင့် လူဦးရေ (၁ ဒဿမ ၄)သန်းကျော် ကို ထုတ်ပေးဆောင် ရွက်ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးရန် အနည်းငယ် ကျန်ရှိနေသေးပါကြောင်း၊ ယခုအခါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာ၌ တွေ့ရှိချက်များအရ ရွှေ့ပြောင်းနေထိုင်သူများတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြားများ မရရှိသေးသူများရှိနေသည့်အတွက် ၎င်းတို့အား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေးနှင့်လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ စက်တင်ဘာ(၃၀)ရက်အတွင်း အသက် (၁၈)နှစ် ပြည့်လာမည့်သူများကို နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးတို့အတွက် ပန်းခင်းစီမံချက်အဆင့် (၃) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ စက်တင်ဘာ (၃၀) ရက်အထိ (၉) လတာ ကာလအတွင်း လူဦးရေ (၂ ဒဿမ ၁) သန်းကျော်ကို နိုင်ငံသားကတ်ပြားထုတ်ပေးရန် လျာထားဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက အုပ်ချုပ်မှု ဆိုင်ရာ အားနည်းချက် အားသာချက်များ၊ ဦးစီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်