နေပြည်တော် ဒီဇင်ဘာ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညို နှင့် အတူ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား၍ ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာများပေးအပ်ကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာနှင့် ကျောင်းသား၊ ကျောင်းသူများ ပိုမိုတိုးချဲ့လက်ခံနိုင်ရေးအတွက် တည်ဆောက်နေသော တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း သက်မွေး ပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ဝန်ထမ်းများ၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ သင်ကြားပေးသည့် အိမ်တွင်းမှု ဘာသာရပ်များ ကျွမ်းကျင်စွာ တတ်မြောက်စေရေးနှင့် သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အသက်မွေးဝမ်းကြောင်းပြု ဘဝရပ်တည်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရေးတို့ကို ရှင်းလင်းမှာကြားပြီး သင်တန်းကျောင်းဝန်းအတွင်း လိုက်လံကြည်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပူတာအိုမြို့ရှိ ဇေယျသိဒ္ဓိပရဟိတကျောင်းတိုက်၊ ဟိုခို ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်မခဲမရှိစေရေးနှင့် အဆိုပါဘုန်းတော်ကြီးကျောင်း၌ တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်မှု အဆင်ပြေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥစသည့် စားသောက်ဖွယ်ရာပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းသည်။
ယင်းနောက် ကျောင်းဝန်းအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းဆောက်လုပ်ပေးလျက် ရှိသည့် RC ၁ ထပ် ထမင်းစားဆောင် ပေ(၉၀ x ၃၀) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ကဆန်ခချောင်းကူး မဂွေဇတံတားသို့ ရောက်ရှိခဲ့ပြီး မဂွေဇ - ခေါင်လန်ဖူးလမ်းစီမံကိန်း မေခမြစ် အနောက်ခြမ်း လမ်းပိုင်းပေါ်၌ တောင်ကျရေတိုက်စားမှု မရှိစေရေးအတွက် ဆောင်ရွက်ထားသည့် ရေကျော်များ၊ ခရီးသွားပြည်သူများ တည်းခိုနေထိုင်ရန် တည်ဆောက် ထားရှိသည့် ယာယီတည်းခိုဆောင်များကို ကြည့်ရှုစစ်ဆေး၍ ပေ ၇၇၀၀မြင့်မားသော ဆန်းလွတ်ချက်တောင်ကြား၏ ပတ်ဝန်းကျင်ရှုခင်းများအားကြည့်ရှု၍ အနာဂတ် ကာလခရီးသွားလုပ်ငန်းများ တိုးတက်စေရေးနှင့် အပန်းဖြေလာရောက်သူများအတွက် အဆင်ပြေစိတ်ချမ်းမြေ့မှုရရှိစေရေး ဖြည့်ဆည်းဆောင်ရွက် ပေးရမည့်လုပ်ငန်းများကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးရာသီသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ခဲ့သော တံတားများ ပြန်လည်တည်ဆောက်ပြီးစီးမှု၊ ခေါင်လန်ဖူးဒေသ အထိမ်းအမှတ် ရဝမ်၊ လီဆူရုပ်တုများ ဆောင်ရွက်ထားရှိမှုများနှင့် ရီဒမ်းကြိုးတံတားကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ခေါင်လန်ဖူးမြို့နယ် ဧည့်ရိပ်သာ ၂ ထပ်ဆောင် တည်ဆောက်နေမှု၊ မြို့တွင်းကွန်ကရစ်လမ်းများ ခင်းထားမှု ၊ အထက်တန်းကျောင်း ၊ တိုးချဲ့မြို့ကွက်သစ် ဆောင်ရွက်နေရာချထားမှု ၊ မြို့ပတ်လမ်းအား ကျောက်ချောလမ်းအဖြစ် ဆက်လက်ဆောင်ရွက်မှု ၊ ရဝမ်အမျိုးသား ဥယျာဉ်နှင့် မြို့ဘောလုံးကွင်း ဆောင်ရွက်ထားရှိမှု ၊ မြို့မစျေးရှိ စျေးဆိုင်ခန်းများတွင် စျေးရောင်းချနေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခေါင်လန်ဖူးမှ ဆရန်ဖာသို့ ဆက်သွယ် သည့် မြေသားလမ်း ဖောက်လုပ်နေမှုကိုလည်းကောင်း၊ ခေါင်လန်ဖူးနှင့် ရီဒမ်းအကြားလမ်းပိုင်းတွင် ခေါင်လန်ဖူးမြို့ ခရီးသည်နှင့် ကုန်တင်ယာဉ်ရပ်နားကွင်းများ လျာထားသည့် မြေနေရာ၊ ရှုခင်းသာ ကြည့်ရှုဆောင် ဆောင်ရွက်မည့်နေရာ၊ လမ်းတာချဲ့ရန် ကျောက်တောင်မိုင်းခွဲဆောင်ရွက်နေမှု ၊ မြေပြိုမှုများ ကိုရှင်းလင်းခြင်းဆောင်ရွက်နေမှု ၊ ထလားထော်ကျေးရွာအဝင် ကျောက်ချော လမ်းခင်းနေမှု အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မေခမြစ်ကူး ရီဒမ်းတံတားပေ ၆၀၀ တည်ဆောက်မှု လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာက တံတားတည်ဆောက်မှု နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန ၂ ခု ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇီဝဒမ်ရှိ မဂွေဇ- ခေါင်လန်ဖူးလမ်း စီမံကိန်း ရုံးသို့ ရောက်ရှိစစ်ဆေးပြီး လမ်းလုပ်ငန်းဆောင်ရွက်နေကြသည့် အင်ဂျင်နီယာများ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ လမ်းလုပ်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်