ရန်ကုန် ဒီဇင်ဘာ ၃၀
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် သည် တာဝန်ရှိသူများနှင်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၃၂) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အဖွဲ့အား အထွေထွေမန်နေဂျာ (CNG) က ရန်ကုန် တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်၊ ယာဉ်စီးရေ ၂၆၉၇၃ စီး၊ မန္တလေးတိုင်းဒေသ ကြီးတွင် CNG အရောင်းဆိုင် ၂ ဆိုင်၊ ယာဉ်စီးရေ ၇၄၂ စီး၊ မကွေးတိုင်းဒေသကြီးတွင် CNG အရောင်းဆိုင် ၃ ဆိုင်၊ ယာဉ်စီးရေ ၅၈၆ စီး၊ CNG အရောင်းဆိုင်စုစုပေါင်း ၄၆ ဆိုင်မှ CNG ယာဉ်စီးရေ စုစုပေါင်း ၂၈၃၀၁ စီးကို နေ့စဉ် ကုန်းတွင်းနှင့် ကမ်းလွန်မှထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အား ထိန်းညှိဖြန့်ဖြူးပေးနေသည့် အခြေအနေများ၊ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG ယာဉ်များ တန်းစီစောင့်ဆိုင်း ဝယ်ယူဖြည့်သွင်း ခဲ့ရသည့်အခြေအနေများနှင့် လအလိုက် တန်းစီစောင့်ဆိုင်းရမှု လျော့ချဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်များသို့ ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရသော စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသက်သာစေသည့်အပြင် ခရီးသွားပြည်သူများအတွက်လည်း ယာဉ်စီးနင်းခဈေးနှုန်းသက်သာစေမည်ဖြစ်ကြောင်း၊ ယခင်က ရန်ကုန်မြို့ရှိ CNG အရောင်းဆိုင် များတွင် မော်တော်ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ကြ ရသော်လည်း ယခုအချိန်တွင် တန်းစီစောင့်ဆိုင်းရသည့် မော်တော်ယာဉ်စီးရေ သိသိသာသာ လျော့နည်းလာစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အထွေထွေမန်နေဂျာနှင့် ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းတင်ပါ ကြောင်း၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် CNG ယာဉ်များတွင်တပ်ဆင် အသုံးပြုသည့် CNG Cylinder အိုးများ သတ်မှတ်ထားသည့်ကာလများအတိုင်း စနစ်တကျ စမ်းသပ်စစ်ဆေးသွားနိုင်ရေးနှင့် သက်တမ်းပြည့်ပြီး CNG Cylinder အိုးများအသစ် လဲလှယ်ပေးနိုင်ရေး အလေးထားစီမံဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း မှာကြားပြီးအများပြည်သူများ အန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန် ခေတ်မီစက်ကိရိယာများဖြင့် CNGအိုးများ စမ်းသပ်စစ်ဆေးနေသည့် CNG Retest Factory အလုပ်ရုံကိုကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်း ဆိုင်အမှတ် (၀၃၂) သို့ရောက်ရှိရာ တာဝန်ရှိသူများ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် နှစ်အလိုက်စက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေးဆွဲထားသည့် Standard Operating Procedure (SOP) များအား အလေးထားလိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စက်များကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်ပြီး နှစ်အလိုက် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားပြီး CNG သုံးမော်တော်ယာဉ်များ ဓာတ်ငွေ့ဖြည့်တင်းနေမှု၊ Computer စနစ်ဖြင့် ဓာတ်ငွေ့ရောင်းချနေမှု၊ CNG စက်ပစ္စည်းများ ထိန်းသိမ်းမောင်းနှင်မှု၊ Daughter CNG အရောင်းဆိုင်များတွင် အသုံးပြုရန်အတွက် Jumbo Tube တွဲများ ဓာတ်ငွေ့ဖြည့်တင်းနေမှုများနှင့် ဓာတ်ငွေ့ဖြည့်တင်းနေသောခရီးသည်တင် YBS ယာဉ်များ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်