နေပြည်တော် ဒီဇင်ဘာ  ၃၀ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း သည် ယမန်နေ့၊ မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများသို့ သွားရောက်စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ နှင့်အတူ တပ်ကုန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ချေးငွေတိုးမြှင့်ထုတ်ချေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ်နှင့် ဆက်သွယ်လာသူများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် လွယ်ကူလျင် မြန်စွာဆောင်ရွက်ပေး နိုင်ရေးနှင့် ပင်စင်လစာထုတ်ယူသူများအတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ ဘဏ်လုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့် သတင်းလုံခြုံရေးတို့ကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် မျက်ခြည်မပြတ် အမြဲဂရုပြုဆောင်ရွက်ကြရေး၊ မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ထိုမှတစ်ဆင့် တပ်ကုန်းမြို့နယ်အခွန်ဦးစီးဌာနမှုးရုံးသို့ သွားရောက်စစ်ဆေးပြီး အခွန်ရငွေ များ တိုးမြင့်ကောက်ခံရရှိနိုင်ရေးအတွက် အခွန်နှုန်းများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်ကောက်ခံ နိုင်သည့်အခွန်အခြေ တိုးချဲ့ဖော်ထုတ်နိုင်သည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေး၊ လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်မည့်အခြေအနေများ၊ တိုးတက်လာသည့်နည်း ပညာများကိုအသုံးပြု၍ အခွန်တိုးချဲ့ ကောက်ခံနိုင်မည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မြို့နယ်မန်နေဂျာက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းစီမံချက်နှစ်ခုဖြစ်သည့် ကြွေးကျန်လျော့နည်းကျဆင်းရေး စီမံချက်နှင့် အလွဲသုံးစားမှုလျော့နည်း ပပျောက်ရေးစီမံချက်တို့ကို အောက်ခြေဝန်ထမ်းများ သိရှိနားလည်လိုက်နာရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်