နေပြည်တော်၊ ဒီဇင်ဘာ ၃၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့ စိမ်းလဲ့ရေကြည်ခန်းမ၌ ကြိမ်/ဝါး အချောထည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် နှစ်စဉ်ထုတ်လုပ်နိုင်သော ဝါးလုံးရေ ၃၀၁ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်းရှိကြောင်း၊ ဝါးနှင့်ကြိမ်အချောထည် ပစ္စည်းများကို ပြည်တွင်းစျေးကွက်တွင်သာမက ပြည်ပစျေးကွက်အထိ တင်ပို့၍ ပြည်တွင်း ပြည်ပ ဝင်ငွေများ ရှာဖွေပေးနေသည့်အပြင် ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း၊ ကြိမ်နှင့်ဝါး အချောထည် MSME များ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ အဆိုပါပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး၊ ကုန်ကြမ်း ရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် ဌာနနှင့်လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကုန်ကြမ်းများရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများကို တင်ပြကြပြီး တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့ရှိ ဝါးနှင့်ကြိမ် အချောထည် ထုတ်လုပ်နေသော လုပ်ငန်းများသို့ သွားရောက်၍ ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး သိလိုသည်များ မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဇီးဖြူကွင်း ပျိုးဥယျာဉ်၌ လူထုဖြန့် စိုက်ပျိုးရန်အတွက် သစ်မျိုး ၅ မျိုးဖြင့် ပျိုးပင် ၁၃၀၀၀ ပျိုးထောင်ထားရှိမှု၊ လှေကြီးတက်ပျိုးဥယာဉ်အတွင်း သစ်မျိုး ၇ မျိုးဖြင့် ပျိုးပင် ၂၀၀၀၀ ပျိုးထောင်ထားရှိမှု၊ မြို့မပျိုးဥယျာဉ်အတွင်း သစ်မျိုး ၈ မျိုးဖြင့် ပျိုးပင် ၂၆၇၀၀ ပင် ပျိုးထောင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နှစ်စဉ် ၂ ပေအထက် ပျိုးပင်များ စဉ်ဆက်မပြတ် ရရှိစေရေးနှင့် စိုက်ပျိုးထားသော အပင်များ တစ်ပင်စိုက် တစ်ပင်ရှင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာပေါင်းမြို့ မြို့နယ်သစ်တောဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ မြို့နယ်သစ်တော ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး၍ ပုသိမ်မြို့ရှိ မြို့မပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၈ မျိုးဖြင့် ပျိုးပင် ၃၈၇၀၀ ပျိုးထောင် ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်