နေပြည်တော်၊ ဒီဇင်ဘာ ၃၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၉ ရက်က ကချင်ပြည်နယ် နောင်မွန်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံ ရုံးခန်း၊ ပြင်ပလူနာဌာနနှင့် အထူးကြပ်မတ်ဆောင်တို့ ပါဝင်သည့် RC နှစ်ထပ် တိုးချဲ့ဆောင်အသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်နေသည့် လူနာများအား တွေ့ဆုံအားပေးကာ ထောက် ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နာတာရှည် ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသည့် လူနာအား ဆေးရုံကြီးများသို့ ပို့ဆောင်၍ ဆေးစစ်ကုသနိုင်ရေး စီစဉ်ပေးသွားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နမ့်ပန်ဒမ်းကျေးရွာရှိ ကဆန်ထီ ကြိုးတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရန် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခြေခံပညာ အထက်တန်းကျောင်း (နောင်မွန်) သို့ ရောက်ရှိပြီး မြို့မိမြို့ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး ကျောင်းအတွက် ဆိုလာ၊ Lap top Computer နှင့် Printer များ ထောက်ပံ့လှူဒါန်းကာ မြို့ရေပေးဝေရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့ရှိ သမိုင်းဝင်ကောင်းမှုလုံ စေတီတော်အား သွားရောက်ဖူးမြော်ပြီး စေတီတော် ပရိဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံပုံတူစေတီနှင့် ရွှေတိဂုံပုံတူစေတီ ဘုရားသုံးဆူပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပူတာအိုလွင်ပြင်ပတ်လမ်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ ပူတာအိုလွင်ပြင် ပတ်လမ်းသည် ၂၅ မိုင် အရှည်ရှိပြီး ကျေးရွာ ၂၈ ရွာနှင့် လယ်ယာစိုက်ခင်းများကို ဆက်စပ်ပေးသောလမ်းဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရတို့က ၃ နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းဖြစ်ပြီး ယခု ဘဏ္ဍာနှစ်အကုန်တွင် ပြီးစီးမည်ဖြစ်သဖြင့် ဒေသထွက်ကုန်များ လွယ်ကူစွာ ပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်းသိရသည်။
ယင်းနောက် ဖန်ခိုင် (ပရဟိတ) ဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲ မရှိစေရေးနှင့် အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ စားသောက်မှု အဆင်ပြေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားသောက်ဖွယ်ရာပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၃၀ တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အထောက်အကူဖြစ်စေမည့် ပူတာအိုမြို့ အထက် ဆန်ခေါင်- လုံနဒမ်း- ဇီယာဒမ်းလမ်း (ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း) အရှည် ၂၄ မိုင် ၇ ဖာလုံအား လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အရှည် ၂၄၀ ပေ မူလာ ချောင်းကူးတံတား တည်ဆောက်နေမှု လုပ်ငန်းခွင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး၌ ဂန္ဓကုဋီ ကျောင်းဆောင်တော် တည်ဆောက်ရန် လိုအပ်မည့် အခြေအနေကို သွားရောက်ကြည့်ရှု၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် ပူတာအိုဒေသ ဝမ်းစာဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကောင်ကထောင်ရပ်ကွက်၊ မတ်ပန်စံပြစိုက်ခင်း ဧက ၂၀ စီမံကိန်းသို့ ရောက်ရှိပြီး ရာသီမရွေး သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက solar စနစ် ဖြင့် ရေရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှုနှင့် ဒေသခံတောင်သူများက ရာသီသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်