မန္တလေး၊ ဒီဇင်ဘာ ၃၁
ခရစ်နှစ် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် အခြားမြို့ကြီးများ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်း ကြိုဆိုခဲ့ကြသည်။
မန္တလေးမြို့သူ မြို့သားများအနေဖြင့် ယနေ့ညနေပိုင်းမှစတင်၍ နှစ်သစ် ကိုကြိုဆိုကြရန် မိသားစုနှင့် မိတ်ဆွေ သူငယ်ချင်း အစုအဖွဲ့အလိုက် ပျော်ရွှင်ဖွယ် ရာအစီအစဉ်များဖြင့် နှစ်သစ်ကူးပြောင်းမည့်အချိန် အခိုက်အတန့်ကို စောင့်မျှော် ဆင်နွှဲကြသည်။
ထို့ပြင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ တပျော်တပါး နှစ်သစ်ကူးအခါသမယကို ဆင်နွှဲနိုင်ရန် အတွက် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တွင် စီစဉ်ဆောင်ရွက်ပေးထားရာ စိတ်ပျော်ရွှင် ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိသည်။
ပွဲတော်သို့ လာရောက်ဆင်နွှဲသည့် ကိုပူတူးက “၂၀၂၄ နှစ်သစ်ကိုကြိုဆိုဖို့ ရင်တွေအရမ်းခုန်နေပါတယ်။ ပျော်ရွှင် ဖွယ်ဖြစ်အောင် နှစ်သစ်ကူးပွဲစီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ လျှပ်စစ်ရောင်စုံအလှမီးတွေ ထွန်းညှိထားတာကြောင့်လည်း ပွဲတော်ကြီးကို လှပစေခဲ့ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ ကို နားဆင်ခံစားပြီး ကခုန်ခွင့်ရတဲ့အတွက်လည်း ပြီးပြည့်စုံတဲ့ နှစ်သစ်ကူးညတစ်ည ဖြစ်ခဲ့ပါတယ်”ဟု ပြောသည်။
အဆိုပါပွဲတော်တွင် ဖျော်ဖြေရေး စင်မြင့်ထားရှိပြီး မန်းစည်ပင်ခေတ်ပေါ် တေးဂီတ၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးနှင့် DJ အစီအစဉ်များဖြင့် တွဲဖက်၍ နိုင်ငံကျော် အဆိုတော်များ၊ သရုပ်ဆောင်များ၏ မြူးကြွစွာ သီဆိုဖျော်ဖြေမှုများကြောင့် နှစ်သစ်ကူးပွဲတော်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့် တစ်ဦး ချစ်ခင် ရင်းနှီးစွာဖြင့် နှစ်ကူးအချိန်ကာလကို အတူတကွ ဖြတ်ကျော်ကြသည်။
ပြင်ဦးလွင်မှ နှစ်သစ်ကူးပွဲတော် လာရောက်ဆင်နွှဲသည့် မမီမီက “ နှစ်သစ်မှာ အားလုံးစိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ မန္တလေးမြို့မှာ နှစ်ကူးပွဲရှိတယ်ဆိုလို့ လာရောက်ပါဝင် ဆင်နွှဲခြင်းဖြစ်ပါတယ်။ ပွဲတော်ကြီးက ထင်ထားတာထက်ကို ပိုမို စည်ကားနေတာကို တွေ့ရပါတယ်။ ည ၁၂ နာရီမှာ ပွဲတော်လာသူတွေနဲ့အတူတူ Happy New Year အော်ဖို့ မစောင့်နိုင်တော့ ဘူးဖြစ်နေတယ်။ နှစ်သစ်ကူးကို ပျော်ရွှင် ဖွယ်ရာအစီအစဉ်တွေ ပြုလုပ်ပြီး ဖြတ်သန်း ခွင့်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ပြောသည်။
ပွဲတော်သို့ လာရောက်ဆင်နွှဲကြသူ များ အစားအသောက်များသုံးဆောင် နိုင်ရန်အတွက်လည်း စားသောက်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး ကား၊ ဆိုင်ကယ်များ စနစ်တကျအပ်နှံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။
ထို့နောက် ပွဲတော်လာပြည်သူများ သည် နှစ်သစ်ကူးအချိန်ကာလဖြစ်သည့် ည၁၂နာရီ မရောက်မီ နှစ်ကူး Countdown ကို တပျော်တပါး ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ရေရွတ်ကာ မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။
မောင်အေးချမ်း