ရန်ကုန် ဇန်နဝါရီ ၁

 

ဆံတော်ရှင် ဆူးလေစေတီတော်၌ ဥပ္ပါတသန္တိသုတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆံတော်ရှင် ဆူးလေစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋကာ လင်္ကာရစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်ကြီးနှင့် ဘာဏက သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါပကအဖွဲဝင်များ တက်ရောက်ကြည်ညိုကြသည်။

 

ဦးစွာ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆံတော်ရှင် ဆူးလေစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်များနှင့် ပရိသတ်များက ဣတိပိသောဘဂဝါ အစချီ‌သော ရတနာမြတ်သုံးပါး ဂုဏ်တော်များကို ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျဘာဏက သံဃာတော်က ဥပ္ပါတသန္တိသုတ်တော်ကို စတင်ရွတ်ဖတ်ပူဇော်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ဘုရားစေတီများ၌ ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ ၁ ရက်မှ မေ ၅ ရက်အထိ ၁၂၆ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်