ကျောက်ပန်းတောင်း ဇန်နဝါရီ ၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့က ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပုပ္ပားတောင်ကလပ် ဘဏ္ဍာထိန်းဂေါပကအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ပုပ္ပားတောင်ကလပ်ရှိ အောင်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တ ဓမ္မာဝုဓ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇဋိလနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ဆက်လက်၍ မကွေးကျောင်းဆရာတော် ဘဒ္ဒန္တဝါသဝက စိန်ရောင်ခြည် ဘုရားပင့်ပူဇော်၍ တက်ရောက်လာသည့် ဧည့်ပရိသတ်များက မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ယင်းနောက် ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးလှထွန်း(ဌာနတာဝန်ခံ)က ဆိုင်ရာနတ်ဒေဝါများအား ဖိတ်မန္တကပြု၍ ကန်တော့ပွဲအပ်နှံပြီး ကြွရောက်လာသည့် ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။ ယင်းနောက် ဥပ္ပါတသန္တိကျမ်းမြတ်အား ပုပ္ပားရပ်/ကျေး သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဓမ္မစရိယက စတင်ရွတ်ဖတ်ပူဇော်၍ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်သည်။ အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၃ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

 

နေအောင်(ပြန်/ဆက်)