နေပြည်တော်၊ ဇန်နဝါရီ ၁

 

(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန် (၉၀)ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံစက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံများ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်ဥက္ကဋ္ဌ၊ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌတို့က တန် (၉၀) ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံစက်များကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က တန် (၉၀) ကျ အဆင့်မြင့် ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံစက် ဆိုင်းဘုတ်များကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရည်ဖြင့် ပက်ဖျန်းပေး၍ အဆင့်မြင့်ဆန်စက်နှင့် စပါးအခြောက်ခံစက်များအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော သမဝါယမအသင်းများကို မတည်ထောက်ပံ့ ပေးထားသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းသည် သမဝါယမ၏ အနှစ်သာရကို ဖော်ဆောင်နေခြင်းဖြစ်သောကြောင့် မိမိတို့ သမဝါယမအသင်းများအနေဖြင့် သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသာမက ဒေသတွင်း လူမှုရေး၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာအောင် အထောက်အကူ ပြုနိုင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်းသားများသို့ ငွေကျပ် ၁၅၄ ဒသမ ၆ သန်း မတည်ထုတ် ချေးပေးထားမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌနှင့် ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌတို့က တန် (၉၀) ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံ စက်တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

အဆိုပါ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းအသင်းလီမိတက်၏တန် (၉၀) ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀) ကျ စပါးအခြောက်ခံစက် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့် အတွက် မွန်ပြည်နယ်အတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများမှ ထွက်ရှိလာသော စပါးများ အရည်အသွေး ကောင်းမွန်သော ဆန်များကြိတ်ခွဲ ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြှင့်မားရေး၊ ပြည်သူများအတွက် ဝင်ငွေ တိုးပွားလာစေရေး၊ ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်