နေပြည်တော်၊ ဇန်နဝါရီ ၁

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးနှင့် နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အနေဖြင့် တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် အထူးအလေးထားကြပ်မတ် ဆောင်ရွက်စေလိုကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လယ်ယာထုတ်ကုန်ပစ္စည်းများ နှင့် စက်သုံးဆီများ တရားမဝင်ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ် ဆောင်ရွက်စေလိုကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် ဆောင်ရွက်နေမှု အခြအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာ၌ ကျင်းပသည့် နေပြည်တော်လူမှုဝန်ထမ်းရုံးနှင့် အလှူရှင်များစုပေါင်း၍ (၃၁) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့တက်ရောက်သည်။

 

mdn

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းမှ တာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်ဘဝ မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

 

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြုသော ဆရာတော် သံဃာတော် ၁၀၈ ပါးနှင့် သီလရှင် ၄၅ ပါးတို့ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာအတွက် အလှူငွေများပေးအပ်လှူဒါန်းပြီး ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ၃၇ ဦးကို ထောက်ပံငွေများနှင့် ဆေးဝါးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ ကြောင်းသိရသည်။

 

သတင်းစဉ်