နေပြည်တော်၊ ဇန်နဝါရီ ၁

 

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက “မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ”၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပရန် လျာထားခဲ့သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒုတိယအကြိမ် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization -WTO) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO) တို့၏ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လာပြီး နောက်ပိုင်းတွင် နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်သစ်တစ်ရပ် တည်ထောင်ရန် လိုအပ်လာပါကြောင်း၊ ၎င်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း။

 

ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းများကို တရားဝင် လက်ခံဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကိုလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အာဏာတည်နိုင်ခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားချက်များ လက်ခံနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့် သမိုင်းတွင် ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ် သစ်တစ်ရပ် စတင်ဖော်ဆောင်နိုင်သော နှစ်တစ်နှစ် ဖြစ်ကြောင်း။

 

ယခုလို မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ဆန်းသစ် တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖြစ်ပေါ်လာစေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ကောင်းတစ်ခုဖြစ်တယ် ဆိုသည်ကို ယုံကြည်လက်ခံပြီး မူပိုင်ခွင့်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။

 

မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တာဝန်ရှိသည့် ဝန်ကြီး ဌာနများအပြင် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီများတွင် တာဝန် ပေးအပ်မည့် အစိုးရဌာနများ၊ ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ် တည်ထောင်ရာတွင် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရန်၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

 

ထို့ပြင် အာဆီယံနိုင်ငံများတွင် အကောင်အထည်ဖော်နေသည့် အာဆီယံ IPR Action Plan များကိုလည်း မြန်မာနိုင်ငံအနေဖြင့် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ပြီး ဒေသဆိုင်ရာ မူပိုင်ခွင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်စေရန် အထူးကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

 

ယခုကဲ့သို့ မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံး ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့် အကာအကွယ် ပေးသည့်စနစ် ခိုင်မာလာစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ လူသား အရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည် ဖြစ်ကြောင်း။

 

ယခုဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင် ပါဝင်သော တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေသည့် မူပိုင်ခွင့် အကာအကွယ်ပေးခြင်း စနစ်တစ်ရပ် ကျင့်သုံးရာတွင် မိမိတို့ ပါဝင်ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့် ဆိုင်ရာဗဟိုကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၃) သို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒေါက်တာဝါဝါမောင်၊ ဒေါက်တာအောင်ကြီး၊ ဦးရင်မောင်ညွန့်၊ ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မူပိုင်ခွင့်ဆိုင်ရာများဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ (၂/၂၀၂၃) အစည်းအဝေးဆုံး ဖြတ်ချက် (မူကြမ်း) ကို အတည်ပြုသည်။

 

ဆက်လက်၍ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်