နေပြည်တော် ဇန်နဝါရီ ၂

 

အမျိုးသမီးများအား တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် အနှစ်(၂၀)စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်နေ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး(ခ) မိုင်လေး တို့က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ မ---၊ ၁၇/၂၀၂၃ နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်နေ မ----၊ ၂၇/၂၀၂၃ နှစ်နှင့် ဘိုကလေးမြို့နယ်နေ မ---၊ ၂၃/၂၀၂၃ နှစ်တို့အား တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ယောကျ်ားနှင့်လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မရဲစခန်း (ပ) ၁၇၄/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှုအမှတ် ၄၂/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေး တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀)စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

 

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်နေ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး(ခ) မိုင်လေး တို့က တစ်မြို့နယ်တည်းနေ မ ----၊ ၁၄/၂၀၂၃ နှစ်အား တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ယောကျ်ားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မရဲစခန်း (ပ)၁၇၅/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံး ရာကြီးအမှုအမှတ် ၄၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေး တို့အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့်ထောင်ဒဏ်နှစ် (၂၀)စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်