ပြင်ဦးလွင် ဇန်နဝါရီ ၂

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ထုံးဘို - နောင်လှိုင် - သပြေရေ ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက လမ်းဖွင့်ပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လမ်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းအား ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ် ဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

ထို့နောက် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝဏ္ဏစိုးအောင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ထုံးဘို - နောင်လှိုင် - သပြေရေ ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထုံးဘို-နောင်လှိုင်-သပြေရေကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တာဝန်ရှိသူများက အဆိုပါလမ်းပိုင်းကို ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

 

ယနေ့ဖွင့်လှစ်လိုက်သည့် ထုံးဘို - နောင်လှိုင် - သပြေရေ ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်သည် လမ်းမိုင်အရှည် (၀/၇၅) မိုင်ရှိပြီး အကျိုးပြုကျေးရွာ ၇ ရွာ၊ အကျိုးပြုအိမ်ခြေပေါင်း ၁၂၁၉ အိမ်နှင့် အကျိုးပြုသူဦးရေပေါင်း ၄၉၄၄ ဦး၏ လမ်းပန်းဆက်သွယ်ရေးအား အကျိုးပြုမည်ဖြစ်ကာ ရန်ပုံငွေကျပ်သန်းပေါင်း ၂၃၉ ဒသမ ၈၅ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)