နေပြည်တော် ဇန်နဝါရီ ၂

နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီကကြီးမှူး၍ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဦးအောင်ခိုင်ဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  နေပြည်တော်ကောင်စီလူငယ် ရေးရာကော်မတီဝင်များ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ရှိသည့် လူငယ်များကို ကုန်ထုတ်လုပ်မှု အတတ်ပညာ တစ်ခုတတ်မြောက်ပြီး ပြန်လည်မျှဝေခြင်းဖြင့် လူငယ်များကြား ကုန်ထုတ်လုပ်မှုအ တတ်ပညာတစ်ခုပြန့်ပွားတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပေါ်ပေါက် လာစေရန်၊ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရန်၊  ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ (MSME) အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာစေရေး အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းနည်းပြဆရာ ဆရာမများကို ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ၊ သင်တန်းမှရရှိသည့် ကုန်ချောပစ္စည်းများနှင့် သင်တန်းတွင် ထူချွှန်သူများအား ကုန်ကြမ်းပစ္စည်းများကိုပေးအပ်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက  သင်တန်း သား/ သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားပြီး သင်တန်းသား/ သင်တန်းသူများ ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအား ပေးကြသည်။ အဆိုပါသင်တန်းသို့ လယ်ဝေးမြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ သင်တန်း သား/ သင်တန်းသူ ၃၂ ဦး တက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်