ကလော ဇန်နဝါရီ ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပဲရင်းတောင်ကျေးရွာအုပ်စု၊ တင်ကြီးကြပ်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကွန်ကရစ်လမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာက တင်ကြီးကြပ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကျေးရွာကွန်ကရစ်လမ်းသစ် မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုခဲ့သည်။

 

အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၁၀၀၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ် (၁၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၃၅)သိန်း စုစုပေါင်း ငွေကျပ် (၁၈၅)သိန်းကို အသုံးပြုကာ ခရိုင်/မြို့နယ် ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများက ‌၂၀၂၃ ခုနှစ် အောက်တိုဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်၍ ဒီဇင်ဘာလ စတုတ္ထအပတ်တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာထံမှ သိရသည်။

 

ချိုသန်းညွန့် (ကျေးလက်)