တိုကျို ဇန်နဝါရီ ၂
ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် အနီးတစ်ဝိုက်တွင် အင်အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီး နောက် ဂျပန်အလယ်ပိုင်း အီရှီကာဝါစီရင်စုတွင် ယနေ့မွန်းလွဲ ၃ နာရီခွဲအထိ သေဆုံးသူ ၄၈ ဦး အထိ ရှိလာခဲ့ကြောင်းနှင့် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုသတင်း များလည်း ထပ်မံထွက်ပေါ်လာကြောင်း သိရသည်။
ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စုရှိ နိုတိုကျွန်းဆွယ်၌ ဇန်နဝါရီ ၁ ရက်က ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၃ မိနစ်တွင် ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ ငလျင် ဒဏ်ခံခဲ့ရသော အီရှီကာဝါနှင့် နီဂါတာစီရင်စုများရှိ နေရာပေါင်း ၉၅၅ ခုတွင် လူပေါင်း ၅၇၃၆၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီမာဆာဟာယာရှီက ဇန်နဝါရီ ၂ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ငလျင်ဒဏ်သင့် နိုတိုဒေသရှိ မြို့ပေါင်း ၁၆ မြို့၌ ရေပေးဝေမှု ပြတ်တောက်သွားကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိ ၁၀၀၀ ခန့် လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများသို့ ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် အတားအဆီးများကြောင့် ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်နေကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဇန်နဝါရီ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်