ဇန်နဝါရီ ၃
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၊ Capitolio မြို့ရှိ ရေကန်အတွင်းသို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
အဆိုပါရဟတ်ယာဉ်ပေါ်တွင် Furnas ရေကန်သို့ လာရောက်လည်ပတ်သူများပါဝင်သည်ဟု သိရသည်။ ရဟတ်ယာဉ်ပျံတက်စဉ် နည်းပညာချို့ယွင်းချက်ဖြစ်ပေါ်သဖြင့် ရေပြင်ပေါ်သို့ ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီးသတ်ဌာနကပြောကြားသည်။
ထိုရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားချိန်က နွေရာသီအားလပ်ရက်များအတွင်း ရေကန်အနီးတဝိုက်တွင် ထောင်နှင့်ချီသောလူများ သွားလာလည်ပတ်နေချိန်ဖြစ်သည်ဟု ဖော်ပြထားသည်။
ဘရာဇီးလေကြောင်းတပ်ဖွဲ့၏ပြောကြားချက်အရ ယင်းမတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး လေကြောင်းသုတေသနနှင့် ကာကွယ်ရေးစင်တာမှ စစ်ဆေးရေးအရာရှိများစုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို