ဇန်နဝါရီ ၃
ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ဇန်နဝါရီ ၁ ရက်က ပြင်းအား ၇ ဒသမ ၆ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်များဆက်လက်လှုပ်ခတ်လျက်ရှိကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်ဒဏ်ခံရသည့် အီရှီကာဝါစီရင်စုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၂ ဦး ရှိလာကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသော လူနေအိမ်များအောက်တွင် ပိတ်မိနေသူအများအပြားရှိကြောင်းနှင့် ယခုသီတင်းပတ်အတွင်း အလားတူအားပြင်းငလျင်များလှုပ်ခတ်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးပြောကြားသည်။
အီရှီကာဝါစီရင်စုတွင် နေအိမ် ၂၅ လုံးပြိုကျခဲ့ကြောင်းနှင့် ယင်းပြည်နယ်ရှိ ဝါဂျီမာနှင့် ဆူဇူမြို့တို့ရှိ ဆေးရုံအသီးသီးတွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ငလျင်ဒဏ်ခံရသော ထောင်နှင့်ချီသောလူများသည် ကယ်ဆယ်ရေးစင်တာများတွင် ခိုလှုံနေထိုင်နေဆဲဖြစ်သည်။ အချို့သောဒေသများတွင် ရေပေးဝေမှုများပြတ်တောက်လျက်ရှိသည်။ ဒေသခံများအနေဖြင့် သောက်ရေရရှိရန် တန်းစီစောင့်ဆိုင်းနေရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ လမ်းများ ပျက်စီးမှုများပြားခဲ့ပြီး အချို့သောလမ်းများ ပိတ်ထားနေရဆဲဖြစ်သည်။ ဂျပန်ငလျင်စကေး သုညမှ ခုနစ်အထိရှိရာ ခုနစ်အဆင့်သည် အားအပြင်းဆုံးဖြစ်သည်။ လာမည့်ခုနစ်ရက်အတွင်း ငလျင်စကေး ခုနစ်ရှိ အားပြင်းငလျင်များလှုပ်ခတ်မည့်အလားအလာရှိသဖြင့် ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကြရန် တာဝန်ရှိသူများက တိုက်တွန်းပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို