နေပြည်တော် ဇန်နဝါရီ ၃

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် အလုပ်သမားဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ သံဃာတော် အရှင်သူမြတ်များကြွရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရွှေကုက္ကားကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝံသ ထံမှ ဧည့်ပရိသတ်များ ငါးပါးသီလခံယူကာ သံဃာတော်အရှင်သူမြတ်များရွတ်ပွားသဇ္ဈယ်သည့်က ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများမှ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ အခမ်းအနားကို ဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ဇန်နဝါရီ (၄) ရက်ကို ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယခင်ကလည်း နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြောင်း၊

(၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဝန်ကြီးဌာန၏ ဖြတ်သန်း လျှောက်လှမ်းခဲ့မှုများအပေါ် အမှတ်တရဖြစ်စေပြီး တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့မှုများကို သုံးသပ်၍ ဝမ်းသာပီတိဖြစ်စေရန်၊ (၇၆)နှစ်မြောက်မှသည် နောင်နှစ်ပေါင်းများစွာ အောင်မြင်မှုများစွာဖြင့် ထာဝရရှင်သန်နိုင်စေရန်နှင့် ဝန်ထမ်းများ အချင်းချင်း မိသားစုသဖွယ် နွေးထွေးစွာ၊ စည်းစည်းလုံးလုံးဖြင့် အရှိန်အဟုန်မပျက် ခရီးဆက်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း။

ရှေ့ဆက်ပြီး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းအားလုံး စိတ်သစ်၊ လူသစ်၊ စွမ်းအား သစ်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေးတို့အတွက် ဦးစီးဌာန၊ အဖွဲ့အချင်းချင်း၊ ဝန်ထမ်းအချင်းချင်း စိတ်ကောင်းစေတနာကောင်းဖြင့် ဟန်ချက်ညီညီ ပေါင်းစည်းပြီး ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် Synchronizing Manpower နှင့်အညီ ကြိုးစားဆောင်ရွက်သွားခြင်းဖြင့် အလုပ်သမားဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားဝန်ထမ်း တူညီဝတ်စုံများနှင့် သင်တန်း ထူးချွန်ဆုရရှိသူ (၄)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဇနီးမှ အမျိုးသမီးဝန်ထမ်း တူညီဝတ်စုံများနှင့် သင်တန်းထူးချွန်ဆုရရှိသူ (၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းရှိန် နှင့် အမြဲတမ်းအတွင်းဝန်တို့က သတင်းစာတွင် ဆောင်းပါရေးသားသူ (၇)ဦးကို ဂုဏ်ပြုဆုချီးမြှင့်ပြီး ညွှန်ကြားရေးမှူးချုပ်များက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်ကြပြီး ထူးချွန်ဆုရရှိသူများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်