နေပြည်တော် ဇန်နဝါရီ ၃
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ကျန်းမာရေး ဝန်ကြီးဌာန၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင်(အသစ်) လျှောက်ထား ရာတွင် အချက်အလက်များ ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ၂၀၂၃ခုနှစ် ဒီဇင်ဘာ၃၁ ရက်အထိ ပုဂ္ဂလိက ဆေးရုံ(၂၇၅)ရုံ၊ သားဖွားခန်း (၄၀)ခန်း၊ အထူးဓာတ်ခွဲ လုပ်ငန်း (၇၃)ခု၊ အထူးဓာတ်မှန်လုပ်ငန်း (၁၇)ခု၊ ကျန်းမာရေးအကျိုး ဆောင်လုပ်ငန်း (၂၀) ၊ အထွေထွေကျန်းမာရေးလုပ်ငန်း(၁၈)ခုတို့ကို လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးခဲ့ပြီး အတွင်းလူနာတက်ရောက်နိုင်သည့် ခုတင်အရေအတွက်မှာ (၁၂,၄၉၃)ခုတင် ဖြစ်ပါ ကြောင်း၊ လိုင်စင်ရရှိသူများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားရာတွင် သက်တမ်းရှိလိုင် စင်များရှိစေရေး၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းထားသူများ မဖြစ်စေရေး၊ အမှန်တကယ် တာဝန်ထမ်းဆောင်ကြောင်း သက်ဆိုင်ရာ ကာယကံရှင်များ၏ ဖော်ပြချက်တင်ပြရေး၊ အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုချက် လျှောက်ထားနိုင်ရေး လိုက်နာဆောင်ရွက်ရန်လိုကြောင်း။
ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ် တိုးတက်ဖြစ်ထွန်းစေရန်အတွက် ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့် ကျောက်ကပ်အစားထိုးကုသမှုများအား ခွင့်ပြုပေးလျက် ရှိကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေးအတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ကောင်းမွန်သောအကြံပြုချက်များပေးကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ မြတ်ဝဏ္ဏစိုး က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှုနှင့် အထူးကိစ္စရပ်များကို လည်းကောင်း၊ ဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒေါက်တာမိုးခိုင်က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင် (အသစ်) လျှောက်ထားလာသည့် ကိစ္စရပ်များကိုလည်းကောင်း တင်ပြကြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်