နေပြည်တော်၊ ဇန်နဝါရီ  ၄

 

တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ  ဂုဏ်ထူးဆောင်တံဆိပ်များ  ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့် အပ်နှင်းပေးသည်။

 

တက်ရောက်

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။

 

ချီးမြှင့်အပ်နှင်းလျက်ရှိ

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ရဲဘော်အချင်းချင်းအပေါ် ထားရှိသည့် မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားများကို ရှေ့တန်းတင်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ရွပ်ရွပ်ချွံချွံ ရဲစွမ်းသတ္တိပြောင်မြောက်စွာ စွမ်းဆောင်ခဲ့ကြသူများကို နှစ်စဉ် ဇန်နဝါရီလ ၄ ရက် ရောက်သည့်အခါတိုင်း တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ မိမိတို့ထံ ရောက်ရှိလာသည့် သမိုင်းပေးတာဝန်များကို ရဲစွမ်းပြောင်မြောက်သည့် သူရသတ္တိအပြည့်ဖြင့် အသက်၊ သွေး၊ ချွေး၊ ခန္ဓာတို့ ရင်းနှီးပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းများကို ယခုကဲ့သို့ လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း ဂုဏ်ပြုချီးမြှင့်လျက်ရှိခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဟူသည့် မင်္ဂလာ တရားတော်နှင့်အညီ ချီးမြှင့်ပေးခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ်များနှင့် မျိုးဆက်သစ် တပ်မတော်သားများအတွက် အဖိုးတန်စိတ်ဓာတ်ကောင်းများကို အားကျအတုယူစေရန်ပင်ဖြစ်ကြောင်း။

 

အတိတ်ကာလမှ ယနေ့ထက်တိုင် နယ်ချဲ့အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ဦးစားပေးပြီး နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နည်းလမ်းမျိုးစုံသုံးပြီး ထိုးဖောက်ဝင်ရောက် ခြယ်လှယ်နေကြကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့သည် ယင်းနိုင်ငံငယ်များကို ဦးစွာတိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့် တပ်မတော်ကြား သွေးကွဲသွားအောင် နည်းပညာအား၊ မီဒီယာအားများဖြင့် အရင်ဆုံးထိုးနှက် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ အပါအဝင် တိုင်းရင်း သားပြည်သူများအနေဖြင့် အသိ၊ သတိနှင့်ယှဉ်ပြီး မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ကြရန် လိုအပ်ကြောင်း။

 

ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက်ဆက်ဆံနေထိုင်လျက်ရှိ

 

မိမိတို့နိုင်ငံသည် သမိုင်းကနေ ရရှိခဲ့သည့် အတွေ့အကြုံ သင်ခန်းစာများကြောင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံနေထိုင် လျက်ရှိကြောင်း၊ နိုင်ငံတကာ ရေးရာ ကိစ္စရပ်များတွင် ဘက်လိုက်မှုမရှိဘဲ လွတ်လွတ်လပ်လပ် တရားမျှတမှုအပြည့်နှင့် ရပ်တည်နေသကဲ့သို့ လူသားအချင်းချင်းအပေါ်တွင်သာမက နိုင်ငံအချင်းချင်းအပေါ်၌ပါ တန်းတူညီတူ ဆက်ဆံသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့ နေထိုင်သည့်တိုင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို သွေးတိုးစမ်းသည့် အဖျက်အမှောင့်လုပ်ရပ်များ ရှိခဲ့သောကြောင့် မြန်မာ့တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ ပြန်လည်ချေမှုန်းခဲ့ရသည့် သမိုင်းဝင်တိုက်ပွဲပေါင်းများစွာလည်း ရှိခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် “ရဲသော်မသေ သေသော်ငရဲ မလား”ဟူသည့် ခံယူချက်ကို ရင်ဝယ်ပိုက်ပြီး တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်မျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြသူများသည် စစ်မှန် သည့် အာဇာနည်သူရဲကောင်း များဖြစ်ကြပြီး မြန်မာ့သမိုင်း မှတ်တမ်းတွင် မော်ကွန်းထိုးထား ဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ မျိုးချစ် တပ်မတော်သား သူရဲကောင်းများ ၏ အမည်နာမများသည် ဘယ်သောအခါမှ တိမ်မြုပ် ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ခေတ်အဆက်ဆက် သမိုင်း စဉ်ဆက် ထာဝရမွှေးပျံ့နေမည်ဖြစ် ကြောင်းကို ပြောကြားလိုကြောင်း။

 

အရေးကြုံပါက သက်လုံကောင်း

 

ယနေ့အခါတွင် ဘက်စုံစစ်ပွဲ သဘောတရားများကြောင့် တိုက်ပွဲများသည် တောတောင်များအတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများအထိ ဆင်နွှဲလာကြသည်ကို တွေ့ရှိရသည့်အတွက် ရှေ့တန်း နယ်မြေသည် ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိရကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကျိုးအတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို အပြောမဟုတ် အလုပ်သက်သေများနှင့် ဆောင်ရွက်ပြသည့် ပါရမီဖြည့်ဖက်များ၏ ဆောင်ရွက်ချက်များသည် သာမန်အမျိုးသမီးတိုင်း လုပ်နိုင်ခဲသည့် စွမ်းဆောင်ရည် များပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စွမ်းဆောင်ရည်များ ပေါ်ထွက်လာခြင်း၏ အခြေခံသည် မိမိနိုင်ငံအပေါ်ထားရှိသည့် စစ်မှန်သည့် မျိုးချစ်စိတ်ကြောင့် ပင်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကအမာခံ အရန်အင်အားများ ဖြစ်သည့် ရဲမေမိသားစုဝင်များသည် အရေးကြုံပါက သက်လုံကောင်းစွာ မိသားစုဂုဏ်နှင့် တပ်မတော်ဂုဏ်ကို စောင့်ထိန်းသူများဖြစ်ခဲ့ကြသောကြောင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက်လက် ထိန်းသိမ်းသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

 

အများတကာ လုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့် တာဝန်များကို စွန့်လွှတ်စွန့်စားမှု အပြည့်ဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့သူ များအတွက် နှစ်စဉ်လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် တပ်မတော် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့/တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားများ ကျင်းပပေးလျက်ရှိရာ ယခု အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ၂၅ ဦးကို ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ ရဲသူရတံဆိပ်ရရှိသူ ကိုးဦး၊ ရဲဗလတံဆိပ် ရရှိသူ ၉၉ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမ)ဆင့်ရရှိသူ ၁၄ ဦး၊ စီမံ ထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၂၈ ဦး၊ စီမံထူးချွန်တံဆိပ်(တတိယ) ဆင့်ရရှိသူ ၃၄ ဦး၊ လူမှုထူးချွန် တံဆိပ်(ပထမ)ဆင့်ရရှိသူ သုံးဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယ)ဆင့် ရရှိသူ ခြောက်ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယ)ဆင့်ရရှိသူ သုံးဦး၊ နည်းပညာထူးချွန်တံဆိပ် (ပထမ)ဆင့်ရရှိသူ ငါးဦး၊ နည်းပညာ ထူးချွန်တံဆိပ်(ဒုတိယ) ဆင့်ရရှိ သူ ၁၀ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၃ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၁၁ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၄၈၀ တို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း။

 

ယနေ့ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း ခံကြရသူများသည် နိုင်ငံတော် ကာကွယ်ရေး တာဝန်များ ထမ်းဆောင်ရာတွင် မိမိတို့ကျရာတာဝန်များကို အသက်ကိုပင် မငဲ့ကွက်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ် တာဝန်ထမ်းဆောင်ပြီး မှတ်တမ်းကောင်းရေးထိုးခဲ့ကြသူများဖြစ်သဖြင့် ပြည်သူ့ သားကောင်း အာဇာနည်များအဖြစ် အမြဲ အမှတ်တရ လေးစားဂုဏ်ယူနေ မည်ဖြစ်ကြောင်း။

 

အမိန့်နှင့် တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့ သားကောင်းဇာနည်များ၏ ဖြူစင်မြင့်မြတ်သည့် နှလုံးသားများကို မျိုးဆက်သစ်များ အနေဖြင့် လေးစားအားကျ အတုယူလျက် နိုင်ငံတော်က အားကိုးရပြီး ပြည်သူလူထုက လေးစားအားထားရသည့် မျိုးချစ်တပ်မတော်သား ကောင်း ဇာနည်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး သုံးဦး၊ ဗိုလ်မှူး ကိုးဦး၊ ဗိုလ်ကြီး ၁၀ ဦး၊ ဗိုလ် တစ်ဦး၊ ဒုတိယအရာခံ ဗိုလ် တစ်ဦး၊ ဒုတိယတပ်ကြပ် တစ်ဦးတို့ကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့ က တေးသီချင်း၊ အက၊ အလှများ ဖြင့် ဖျော်ဖြေကြသည်။

 

အခမ်းအနား အပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်