နေပြည်တော်၊   ဇန်နဝါရီ ၅

 

ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲခန်း ပညာရှင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းစုပြည်နယ်၊ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန (Jiangsu CDC) သို့ ပညာတော်သင်စေလွှတ်၍ ဓာတ်ခွဲခန်းဆိုင်ရာပညာရပ်များ လေ့ကျင့်သင်ကြားပေး လျက်ရှိရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနရှိ သင်တန်းခန်းမ၌ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းက Video Conferencing စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာဌေးဌေးတင်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရောဂါ ကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန စီမံကိန်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသော တရုတ်နိုင်ငံ၊ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ်မှ Mr. Zhou Minghao၊ Deputy Director of Jiangsu Health Commission and Director of Jiangsu Provincial Bureau of Disease Control and Prevention က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါကြောင်း၊ Myanmar CDC အပါအဝင် မြန်မာနိုင်ငံ၏ ပြည်သူ့ ကျန်းမာရေးကဏ္ဍအတွက် တရုတ်နိုင်ငံ၏ ကူညီမှုများအတွက် များစွာကျေးဇူး တင်ရှိ ပါကြောင်း၊ Myanmar CDC တွင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ ပါဝင်သည်ဖြစ်ရာ ဓာတ်ခွဲခန်းလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်စေရေး တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲပညာရှင်များအား Jiangsu CDC သို့ စေလွှတ် ပညာသင်ကြားပေးသည့်အတွက် များစွာအကျိုးရှိပါကြောင်း၊ ယခုစေလွှတ်ထားသော ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း ပြန်လည်ရောက်ရှိပါက Myanmar CDC တွင် လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ရာ နည်းပညာရပ်ပိုင်းဆိုင်ရာများကို ကြိုးစားလေ့လာကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး Economic and Commercial Department မှ တာဝန်ခံက အမှာစကားပြောကြားသည်။ ထို့နောက် Jiangsu CDC မှ Director in Chief က သင်တန်းပို့ချနေမှုအခြေအနေနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံမှ သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ 

 

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တွင် ဇီဝလုံခြုံမှုအဆင့် (၃) (Biosafety level 3) ရှိ ဓာတ်ခွဲခန်းအပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများပါဝင်မည်ဖြစ်ပြီး အဆိုပါ ဓာတ်ခွဲခန်းများ စနစ်တကျ အပြည့်အဝလည်ပတ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဓာတ်ခွဲကျွမ်းကျင် ပညာရှင် (၃၅)ဦးကို (၂၀၂၃)ခုနှစ်၊ နိုဝင်ဘာလမှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Jiangsu CDC သို့ (၆)လကြာ စေလွှတ်၍ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)