နေပြည်တော် ဇန်နဝါရီ ၅

 

နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး ပြောကြားသည်။

 

ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူ များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာန မှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ  တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော် တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ မှတ်တမ်း ဗီဒီယိုတို့ကို ပြသသည်။

 

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့အချိန်တွင်  မသမာသူ အဖျက်သမားများက မီဒီယာ လုပ်ငန်းများကို  အသုံးချ၍ သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်ကာ ပြည်သူများအား အသိအမြင်လွဲမှားစေရန် သတင်း အဆိပ်ခပ် ဆောင်ရွက်နေကြပါကြောင်း၊ သတင်းတု၊ သတင်းမှားများသည် အင်မတန်အန္တရာယ် ရှိပါကြောင်း၊ ဖေ့စ်ဘွတ်စာမျက်နှာများပေါ်မှ အများစုသတင်းများသည် တစ်ဖက်သတ်ဘက်လိုက်၍ အဆိပ် အတောက်ဖြစ်စေသည့် သတင်းမှားများကို ဖော်ပြနေကြပါကြောင်း၊ ထို့ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးနှင့် ပြည်သူလူထုထံ သတင်းမှန်များ မှန်ကန်စွာ စီးဆင်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် နေပါကြောင်း။

 

နိုင်ငံတော်အစိုးရက တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် လမ်း၊ တံတားနှင့် အခြေခံအဆောက် အအုံများကို တည်ဆောက်ပေးခဲ့သော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေ သောစစ်ပွဲများကို အကြောင်းပြု၍ အကြမ်းဖက်သမားများက မိမိတို့ဒေသရှိ ပြည်သူများ၏မျက်နှာကို မထောက်ထားဘဲ အကြောင်းမဲ့ဖျက်ဆီး တိုက်ခိုက်မှုများမှာ လွန်စွာလွဲမှားသော လုပ်ရပ်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ များ စစ်ဘေးရှောင်စခန်းများ၌ ဒုက္ခဆင်းရဲစွာ  နေထိုင်နေရကြောင်း၊ အဖျက်လုပ်ရပ်များကို လုပ်ဆောင်ရာတွင် လွယ်ကူသော် လည်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ငွေကြေးအရင်းအနှီး များ၊ အချိန်ကာလများပါပေး၍ တည်ဆောက်ရမည် ဖြစ်သဖြင့် နိုင်ငံအတွက်သာမက ဒေသခံပြည်သူများအတွက်ပါ  လွန်စွာနစ်နာနိုင်သည်ကို သိမြင်ကြရန် လိုပါကြောင်း။

 

ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်၏ သားကောင်းများဖြစ်၍ မိမိတို့တန်ဖိုးထားပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း ပညာရေးကဏ္ဍကို အထူးအလေးထားတိုက်တွန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးကို တိုးတက်အောင် ကြိုးစားဆောင်ရွက်ပြီး တစ်ဖက် ကလည်း မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိပတ်ဝန်းကျင်ကို  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မီဒီယာကိုလည်း အကျိုးရှိသည့်နေရာများတွင် အသုံးချစေလိုပါကြောင်း၊ နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် ပကတိ အခြေအနေများကို အသိတရားဖြင့် ရှုမြင်သုံးသပ်ပေး၍ ယုံကြည်ကြစေလိုကြောင်း၊  နိုင်ငံကို ချစ်သည့်စိတ်၊ နိုင်ငံတိုးတက်ဖွံ့ဖြိုး ရေးကို  လိုလားသည့်စိတ်တို့ ဖြင့် အကြမ်းဖက်လုပ်ရပ်များကို  ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြ ရမည် ဖြစ်ပါကြောင်း၊ အကောင်းနှင့်အဆိုးကို မျှဝေခံပြီး လာမည့်ကာလတွင် နိုင်ငံတော်က အားကိုး ရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက  ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ စာပေဗိမာန်မှ ထုတ်ဝေသည့် သုတ၊ ရသစာအုပ်များကို ပေးအပ် ခဲ့သည်။  

သတင်းစဉ်