နေပြည်တော် ဇန်နဝါရီ ၆

စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် တောင်သူနှင့်သုတေသီများ အတွေးအမြင် အယူအဆ ကွာဟမှု ကွက်လပ်မရှိစေပဲ အပြန်အလှန် နားလည်ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်  ၊ တောင်သူများနှင့် ပညာရှင်များ ၊ သုတေသီများ စဉ်ဆက်မပြတ် ထိတွေ့ ဆွေးနွေးနိုင်ကြစေရန် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers' Technical Forum)ကို အပတ်စဉ် စနေနေ့တိုင်း ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပလျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် “တောင်သူများပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာမျိုးစေ့ ထုတ်လုပ်ခြင်း”  ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၂၁)ကြိမ်မြောက် ဆွေးနွေးပွဲ တွင် နေပြည်တော် ဉတ္တရသီရိမြို့နယ်၊ ပု‌ဗ္ဗသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်တို့မှ တောင်သူများ၊ စိုက်ပျိုးရေးအထူးပြု ကုမ္ပဏီများမှတာဝန်ရှိသူများ စုစုပေါင်း (၁၀၃)ဦး  တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က သုတေသနပညာရှင်များအနေဖြင့် တောင်သူများ၏ မြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများလက်ရှိ ကျင့်သုံးနေသည့် စိုက်ပျိုးထုတ်လုပ်မှုကို သုတေသနပြု မှတ်တမ်းတင်ထားရန် Bench Marking လိုအပ် ပါကြောင်း၊ စပါးအပြီး ဆီထွက်သီးနှံများစိုက်ပျိုးရန် နေရာဒေသအလိုက် မြေဆီလွှာ အာဟာရစီမံခန့်ခွဲမှု ဆိုင်ရာ သုတေသနများ ၊ စပါးအပြီးမြေပဲ၊ မတ်ပဲသီးနှံများ အပါအဝင် ယာသီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် တစ်ရေ ၊ နှစ်ရေ ပေးသွင်းခြင်းဖြင့် သီးနှံ အထွက်တိုးခြင်းကို လေ့လာသုနေသနပြုရန်လိုအပ်ပြီး ၊ စိုက်ပျိုးမြေတွင် တီကောင်များပေါကြွယ်ဝမှုအပြင် ဝတ်မှုံကူးပေးနိုင်သည့် အင်းဆက်ပိုးများ ပေါကြွယ်ဝမှုများ လေ့လာရန်လိုအပ်ကာ၊ စပါးအပြီးယာသီးနှံများတွင် ရေသွင်းစနစ်များ ဖွံ့ဖြိုးရန် လိုအပ် လျက်ရှိကြောင်း၊ ‌တောင်သူများအား အထူးမှာကြားလိုသည်မှာ သီးနှံတစ်ခု စိုက်ပျိုးပါက အရင်းကျေ သီးနှံတစ်မျိုးမျိုး ထည့်သွင်းစိုက်ပျိုးရန် အကြံပြုတိုက်တွန်းပါကြောင်း ပြောကြားပြီး နိုင်ငံတကာမှ  လယ်သမားဈေးကွက်နှင့် စပ်လျဉ်း၍ အတွေ့အကြုံများကို ဗဟုသုတ ဖြစ်ဖွယ်မျှဝေဆွေးနွေး ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသော တောင်သူလယ်သမားများက မိမိတို့ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကိုယ်တိုင်ရောင်းချနိုင်မည့် တောင်သူလယ်သမားဈေး ပေါ်ပေါက်လာစေလိုကြောင်းနှင့် ယင်းတို့၏ လယ်ယာလုပ်ငန်းခွင် အခက်အခဲများကို ဆွေးနွေးတင်ပြကြသည်။

(၂၁)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum) တွင်     “တောင်သူများပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာမျိုးစေ့ထုတ်လုပ်ခြင်း”  ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆီထွက်သီးနှံသုတေသနဌာနစုမှ သုတေသနအရာရှိ  ဒေါ်မော်မော်နိုင် က မြန်မာနိုင်ငံ၏မြေပဲစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ၊ မျိုးရွေးချယ်မှု၊ စိုက်နည်းစနစ်၊ စိုက်ချိန်၊ အပင်ပြုစုစောင့်ရှောက်နည်း ၊ မြေပဲသီးနှံ မျိုးကောင်း မျိုးသန့်ထုတ်လုပ်ခြင်း၊ ထုတ်ဝေပြီးမျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သုတေသနအရာရှိ  ဒေါ်နန်းပပဝင်း က နေကြာစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မြေနေရာရွေးချယ်ခြင်း၊ မျိုးသန့် နယ်နိမိတ်ထားရှိ စိုက်ပျိုးခြင်း၊ စိုက်ချိန်ရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်းနှင့် စိုက်ပျိုးခြင်း၊ ပြုစုရှောက်ခြင်း ၊ မျိုးသန့် မျိုးစေ့ထုတ်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်းဆွေးနွေးတင်ပြကြရာ  ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်