နေပြည်တော် ဇန်နဝါရီ ၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ၂၃၀ကေဗွီ ကမာနတ် ပင်မဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အားခွဲရုံဆိုင်ရာအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဉီးစွာ ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ ကမာနတ်ပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ အသစ်တိုးချဲ့တည်ဆောက်ထားသည့် ၂၃၀ကေဗွီ ဓာတ်အားခွဲရုံနှင့် မူလတည်ဆောက်ထားသည့် ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံတို့၏ (Switch Yard) အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေများနှင့် ဓာတ်အား ထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ထရန်စဖော်မာ ဝန်အား စာရင်းကို အမြဲစိစစ်၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး ဓာတ်အားခွဲရုံရှိ ဓာတ်အားလွှတ်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာ ဝန်များလစ် ဟင်းမှုမရှိစေရေး လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်