နေပြည်တော် ဇန်နဝါရီ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည် နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် စဉ်ဆက် ပညာရေးလုပ်ငန်း၏စာသင်ဝိုင်းများကို သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားအေးစဉ် ပြည်ထောင်စုဝန်ကြီးက စဉ်ဆက်ပညာရေး၏စာသင်ဝိုင်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များတွင် ဖွင့်လှစ်သင်ကြားနေပါကြောင်း၊ စာသင်သားများအနေဖြင့် အမှန်တ ကယ်စာတတ်မြောက်အောင် ဆက်လက်ကြိုးစားသင်ယူကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့သည် စာသင်သားပြည်သူများ၏ စာတတ်မြောက်မှုစွမ်းရည်ကို အားပေးကြည့်ရှု၍ စားသောက်ဖွယ်ရာများနှင့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာစာသင်ဝိုင်း ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
စဉ်ဆက်ပညာရေးလုပ်ငန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်၊ ဝင်ငွေတိုးပွားရေး အစီအစဉ်နှင့် ဘဝသာယာရေးပညာပေးအစီအစဉ်များပါရှိပြီး ဦးတည်အုပ်စုအနေဖြင့် အသက် ၁၅ နှစ် နှင့်အထက်အရွယ်များကို သတ်မှတ်သင်ကြားခြင်းဖြစ်သည်။ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်သုံးခုတွင် စာသင်သားပေါင်း ၄၁၆ ဦးကို နည်းပြ၊ကြီးကြပ်ပေါင်း ၉၈ ဦးတို့က တစ်ရက်လျှင် ပျမ်းမျှ ၃ နာရီနှုန်းဖြင့် နာရီပေါင်း ၂၇၀ ၊ ရက်အားဖြင့် ရက်၉၀ ကြာ သင်ကြားပေးလျက်ရှိသည်။
ထိုမှတစ်ဆင့်ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် ဂနိုင်ထော့ အခြေခံပညာ အလယ်တန်းကျောင်း၊ လုံကား အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ အဆိုပါဒီဂရီကောလိပ်ရှိ ကမ္ဘောဇခန်းမ၌ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမနှင့်ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် တောင်ကြီး ပညာရေးဒီဂရီကောလိပ်သို့ အာဟာရစားသောက်ကုန်နှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူ ဆရာ၊ဆရာမများက လက်ခံရယူကြသည်။
ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့ငွေနှင့် အဝတ်အထည်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနပြည်နယ်မှူး တို့ကပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းသား၊ကျောင်းသူများက လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က လွိုင်ကော် ပညာရေးဒီဂရီကောလိပ်နှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ဆရာမ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ အမှတ်(၁၀) အခြေခံ ပညာမူလတန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရာက်၍ ကျောင်းအတွင်း တည်ဆောက်နေသည့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်