နေပြည်တော်၊ ဇန်နဝါရီ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေ ဖူလုံပိုလျှံစွာ အသုံးပြုနိုင်ရေး၊ ဒေသစိမ်းလန်း စိုပြေစေရေးနှင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် သဘာဝရေချို အရင်းအမြစ်များ ထိန်းသိမ်းသိုလှောင်နိုင်ရန် တည်ဆောက်ထားသော ရေလှောင်တမံကြီးများ၏ ကြံ့ခိုင်ရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့်တို့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေလှောင်တမံ ရေပိုလွှဲတွင် Hydraulic Elevator Dam(HED) တပ်ဆင်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။
လုပ်ငန်းများကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို တင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဂရုပြုလုပ်ဆောင်ကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး Hydraulic Elevator Dam(HED) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့်ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရာဇဌာနီလမ်းဘေး ဝဲ-ယာ တစ်လျှောက်ရှိ ဆောင်းသီးနှံနှင့် နွေသီးနှံ စိုက်ခင်းများအား စိုက်ပျိုးရေ ပေးဝေနိုင်ရန်အတွက် စက်စက်ယို ဆည်ရေသောက်စနစ် ရေသွယ်မြောင်း ကျောက်စီခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ ကျောက်စီခြင်းလုပ်ငန်းသည် မိုးရာသီတွင် စက်စက်ယိုဆည်ရေသောက် ဧရိယာမှ အသုံးပြုပြီးရေများ ဆုံးရှုံးမှုမဖြစ်စေရန်နှင့် တဆင့်ပြန်လည် အသုံးချနိုင်ရေး၊ ကျောက်စီမြောင်း အတွင်းစီးဝင်စေကာ ရေထိန်းတံခါး အမှတ် (၁) ဖြင့် ရေသိုလှောင်ထားရှိပြီး အနိမ့်တင် ဆိုလာပန့်၊ မိုဘိုင်းဆိုလာများအသုံးပြု၍ ဆောင်းသီးနှံ စိုက်ခင်းများအတွက် ဖြည့်စွက်ရေပေးဝေနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်