တိုကျို၊ ဇန်နဝါရီ ၈
ဂျပန်နိုင်ငံအလယ်ပိုင်း အီရှီကာဝါစီရင်စု၌ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၂၈ ဦးအထိ ရှိလာပြီး ၁၉၅ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ယမန်နေ့က အတည်ပြုပြောကြားသည်။
ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် ငလျင်ဘေးသင့်ဒေသများကို ဆီးနှင်းများဖုံးလွှမ်းသွားဖွယ်ရှိကြောင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများလည်းဖြစ်နိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူများက သတိပေးထားသည်။
အီရှီကာဝါစီရင်စု၌ ဇန်နဝါရီ ၈ ရက်မှ ၉ ရက်အတွင်း ဆီးနှင်းများ ၆၀ စင်တီမီတာအထိ ကျဆင်းနိုင်သည်ဟု မိုးလေဝသတာဝန်ရှိသူများက ဆိုသည်။ ရာသီဥတုအေးပြီး မိုးရွာလျက်ရှိသော်လည်း ကယ်ဆယ်ရေး သမားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ပြိုကျပျက်စီးခဲ့သော နေအိမ်တစ်လုံးအောက်မှ အသက် ၉၀ အရွယ် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးသမားများက ကယ်ဆယ်နိုင်ခဲ့သည်။ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိသည့် အဆိုပါ ငလျင်လှုပ်ပြီးနောက် ၁၂၄ နာရီအကြာတွင် အဆိုပါ အဘွားအိုကို ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အီရှီကာဝါစီရင်စုရှိ ပြည်သူ ၃၀၀၀၀ နီးပါးသည် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက် ရှိသည်။ တာဝန်ရှိသူများက ကူးစက်ရောဂါများ ကာကွယ် တားဆီးရေးအစီအမံများ ဆောင်ရွက်လျက်ရှိသည်။
အိမ်ထောင်စု ၂၀၀၀၀ ခန့် ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရပြီး ၆၆၀၀၀ မှာ ရေပြတ်လပ်လျက်ရှိသည်။ ဂျပန်ဆေးဝါးထောက်ပံ့ရေးအဖွဲ့က ဆူဇူစီးတီး ၌ ပြည်သူများကို ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိသည်။ ရေရှည်ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအတွက် ပံ့ပိုးကူညီမှုများ ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားသည်။
ထို့ပြင် ငလျင်ဒဏ်သင့် ပြည်သူများ၏ ဘဝနဲ့အလုပ်အကိုင်များကို ပြန်လည်ဖန်တီးရန်နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကီရှီဒါကဆိုသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်