တီဟီရန်၊ ဇန်နဝါရီ ၇
အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ကာမန်မြို့၌ ဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၉၂ ဦးအထိ ရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၆ ရက်တွင် ဖော်ပြသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်က အမေရိကန်မောင်းသူမဲ့လေယာဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းကြောင့် သေဆုံးခဲ့သည့် အီရန်ထိပ်တန်းတပ်မှူးဆိုလီမာနီအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏အုတ်ဂူတွင် လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြစဉ် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၁၀၀ ကျော်ကို ကာမန်ဒေသရှိ ဆေးရုံ၌ကုသမှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အနက် ၃၀ ကျော်မှာ အထူးကြပ်မတ် ကုသဆောင်တွင်ရှိပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ပြည်နယ်အရေးပေါ်အဖွဲ့အစည်းအကြီးအကဲ မိုဟာမက်ဆာလီရီက ပြောကြားခဲ့သည်။
အိုင်အက်စ်အဖွဲ့သည် အဆိုပါ ဗုံးခွဲမှုများအတွက် တာဝန်ရှိကြောင်း ဇန်နဝါရီ ၄ ရက်တွင် ကြေညာခဲ့ပြီး လူပေါင်း ၂၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အသေခံဗုံးခွဲသမားနှစ်ဦးက ဖောက်ခွဲရေးခါးပတ်များကို အသုံးပြုခဲ့ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
အသေခံဗုံးခွဲမှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားကြောင်း အီရန် ထောက်လှမ်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ဆယ်စုနှစ်များအတွင်း အီရန်၌ အသေအပျောက်အများဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်