မကွေး၊ ဇန်နဝါရီ ၈

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ   ၁၄   ရက် (တပို့တွဲ လဆန်း ၅ ရက်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု  အခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန်းရွှေစက်တော်ဘုရား သွားရာ (၃) မိုင် အဝင်လမ်းရှိ မုခ်ဦးရှေ့သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ မန်းရွှေ စက်တော်ဘုရားသွားရာ (၃) မိုင် အဝင်လမ်း၌ Landscape အလှပန်းခြံ၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးရန်ဆောင်ရွက်ခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ (၃) မိုင်လမ်းတစ်လျှောက် Flower Box ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် Box Culvert တံတားငယ်နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 

mdn

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန်းရွှေစက်တော်ဘုရားသို့ ရောက်ရှိကာ ဘုရားပွဲတော် ကျင်းပမည့် ပွဲတော်ကွင်းတွင် မန်းချောင်းအတွင်း ရေလမ်းကြောင်းလွှဲခြင်း၊ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နိုင်ရေး မြေနေရာရှင်းလင်းခြင်း၊ အထက်စက်တော်ရာ ခြေလျင်အတက် စောင်းတန်းရှေ့၌ မန်းချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နဂါးအိုင်ပြုပြင်ခြင်း၊ အောက်စက်တော်ရာ ဘုံခုနစ်ဆင့်ရှိ မျက်ပါးရွှေဆိုင်းများကို ရွှေဆေးအသစ်ဖြင့် ပြန်လည်ကပ်လှူ ပူဇော်နိုင်ရန်နှင့် ဘေလီသံပေါင်တံတား တပ်ဆင်ရန် ဆောင်ရွက်ခြင်း၊ လင်းနို့တောင် စတီးပန်းဆွဲများကို မြန်မာမှု ရှေးမူလက်ရာမပျက်ပြုပြင်ခြင်း၊ အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ အမိုး၊ မျက်နှာကြက် အလှဆင်ခြင်းနှင့် ဘုံအဆင့်တိုင်လုံးများ ဆေးသုတ်ပြုပြင်ခြင်း၊ ကိုးခန်းကြီးမှ အထက်စက်တော်ရာ အတက်လမ်း စောင်းတန်းငါးသွယ် ပြုပြင်ခြင်း၊ ကိုးခန်းကြီးနှင့် ဓာတ်လှေကားကြား၌ ကျောက်ကြီးစီ၍ မြေထိန်းနံရံများ တည်ဆောက်ပြုပြင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား မန်းရွှေစက်တော် ဘုရားပွဲတော် မကျင်းပမီ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် တည်ဆောက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းအားလုံးကို ဘုရားပွဲတော်ရက်မတိုင်မီ အပြီးဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန်းရွှေစက်တော်ရာဘုရား အထက်စက်တော်ရာနှင့် အောက်စက်တော်ရာတို့တွင် ရွှေသင်္ကန်းနှင့် ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

 

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်သည် မြန်မာလ ဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို ၆၄ ရက်သာကျင်းပမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင်အလုံးပေါင်း ၈၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၄၀၀ ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများကို ညအိပ် တည်းခိုခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

 

မောင်ညီညာ