မောင်မောင်ကျော့ (ပလက်ဝ)
အနောက်ပိုင်း တိဗက်မြန်မာအနွယ်တွင် ချင်း၊ ကချင်မျိုးနွယ်များ အကျုံးဝင်ကြောင်း၊ အနောက်ပိုင်း တိဗက်မြန်မာအနွယ်ကူကီးချင်း တို့မှာ ပထမဆုံးရောက်ရှိနေထိုင်လာသူများဟု ယူဆဖွယ်ရှိကြောင်း၊ ယင်းတို့သည် ဗြဟ္မ ပုတ္တရမြစ်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်း တို့သို့ရောက်ရှိ နေထိုင်ခဲ့ကြသေးကြောင်း၊ ထိုမှတစ်ဆင့် တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရင်း အနောက်ဘက်တောင်တန်းများသို့ ရောက်ရှိ သွားကြခြင်းဖြစ်ကြောင်း၊ ထိုနေရာမှ တစ်ဆင့် ကုလားတန်မြစ် ဝဲ/ယာနှင့် တောင်စွယ်၊ တောင်တန်း၊ ချောင်းရိုး၊ မြစ်ရိုးတစ်လျှောက် စွဲမြဲနေထိုင်လာခဲ့ကြသူများ ဖြစ်ကြောင်း ဖော်ပြရေးသားထားပါသည်။ ဤသို့ ပျံ့နှံ့ ရောက်ရှိ နေထိုင်ကြသူတို့မှာ ပလက်ဝမြို့နယ် နေ ခူမီး၊ အနူး၊ ခေါင်စို၊ ပနမ်း တိုင်းရင်းသားတို့ပင်ဖြစ်ကြပါသည်။
ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှ ပုံနှိပ်ထုတ်ဝေသော အိန္ဒိယပြည် အင်းပီးရီး ရယ်လ်ဂေဇတ်တွင် ချင်းအုပ်စုဝင် ခူမီး၊ အနူး၊ ခေါင်စို၊ ပနမ်းတို့ ဝင်ရောက်လာပုံနှင့်ပတ်သက် ၍ အောက်ပါအတိုင်းဖော်ပြခဲ့ပါသည်။
'မြန်မာ၊ ချင်း၊ ကချင်၊ နာဂနှင့်အခြားမျိုး နွယ်များကဲ့သို့ ခူမီး၊ အနူး၊ ခေါင်စို၊ ပနမ်းတို့ သည်လည်း တိဗက်မြန်မာအုပ်စုဝင်များ ဖြစ်သည်။ သမိုင်းမတင်မီကာလက မြန်မာ တို့၏ ဘိုးဘေးတို့သည် တိဗက်ပြည်အရှေ့ဘက် မွန်ဂိုကုန်းမြင့်မှ ဧရာဝတီမြစ်ဖျားသို့ဆင်းသက် လာကြပြီးနောက် ယင်းတို့၏ မူလဘာသာ စကားများပြောင်းလဲကွဲပြားမှုမဖြစ်မီ၊ ယင်းတို့ အထဲမှ အုပ်စုတစ်စုသည် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းခြင်းမပြုဘဲ၊ အနောက်ဘက်သို့ ဖြတ်ကူးသွားကြသည်။ ထို့နောက်ချင်းတွင်း ဒေသသို့ ဝင်လာကြပြီး အနောက်ရိုးမနှင့် ရခိုင်ရိုးမတောင်တန်းများဆီသို့ ဝင်ရောက် အခြေစိုက်နေထိုင်ကြသည်ဟု ခိုင်လုံစွာ ယူဆနိုင်သည်။ ခူမီးနှင့် ခူမီနွယ်ဝင် အနူး၊ ခေါင်စို၊ ပနမ်းတို့သည် ရခိုင်ရိုးမမြောက်ပိုင်း တွင် အခြေစိုက်နေထိုင်ကြသည်'ဟု ဖော်ပြ ထားပါသည်။
ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာရာဇဝင်စာအုပ်တွင် တိဗက်မြန်မာ မျိုးကွဲသည် အစုသုံးစုကွဲ၍တိဗက်အာသံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ဟန်ရှိကြောင်း အာသံမြန်မာမျိုးစိတ်တွင် အစုခြောက်စုပါ ရှိရာ နာဂအစု၊ ကူကီးချင်းအစု၊ သက်အစု၊ ကချင်အစု၊ မြန်မာအစုနှင့်လိုလိုအစုဖြစ် ကြောင်း၊ တစ်ဖန်ကူကီးချင်းအစုတွင် ခူမီးနှင့် အနူး၊ ခေါင်စို၊ ပနမ်းတို့ ပါဝင်ကြောင်းရေးသား ဖော်ပြထားပါသည်။ အနူး၊ ခေါင်စို၊ ပနမ်းတို့ သည် ခူမီးတို့နှင့် တစ်မျိုးတစ်နွယ်တည်းဖြစ်ခဲ့ ပြီး တစ်ဆင့်တိုးချဲ့ပွားလာသူများဖြစ်ကြ၍ ကူကီးချင်းအစုတွင်ပါဝင်ကြပါသည်။
၁၈၉၁ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံ စာတွင် ချင်းလူမျိုးတို့ ဆင်းသက်လာပုံနှင့် ပတ်သက်ပြီး ဖော်ပြရာတွင် ချင်းတို့သည် တောင်ပေါ်နေမျိုးနွယ်စုများဖြစ်ကြောင်း၊ တိဗက်-မြန်မာ ပင်မဘာသာစကားကြီး၏ ဒေသ္တရစကားကွဲမျိုးစုံကို ပြောကြကြောင်း၊ မိမိတို့အမည်ကို အမျိုးမျိုးမှည့်ခေါ်ကြ ကြောင်း၊ မဏိပူရနေ 'ကူကီး'တို့သည် လည်းကောင်း၊ အာသံနယ်နေ လူရှိုင်းတို့သည် လည်းကောင်း၊ အနောက်ဘက်တောင်တန်း နေ ချင်းတို့သည်လည်းကောင်း၊ ပလက်ဝ မြို့နယ်နေ ခူမီး၊ အနူး၊ ခေါင်စို၊ ပနမ်းတို့သည် လည်းကောင်း ယခုတိဗက်နိုင်ငံဟုခေါ်သော ဒေသတွင် ရှေးပဝေသဏီက နေထိုင်ခဲ့ကြ ကြောင်း၊ ယင်းတို့အားလုံးသည် တစ်မျိုး တစ်နွယ်တည်းမှ ပေါက်ဖွားလာသူများ ဖြစ်သည်ဟူသော အယူအဆကိုများစွာ လက်ခံနိုင်ဖွယ်ရှိကြောင်း၊ ယင်းတို့၏ ဖွဲ့စည်း အုပ်ချုပ်ပုံ၊ တောင်ယာစိုက်ပျိုးနည်း၊ ဓလေ့ ထုံးစံ၊ အမူအရာအသွင်အပြင်၊ ယုံကြည် ကိုးကွယ်မှု၊ အားလုံးတူညီနေမှုတို့က ယင်းတို့ အားလုံးသည် တစ်မျိုးတစ်နွယ်တည်းဖြစ်သည် ဟု သက်သေထူလျက်ရှိပေသည်ဟု ရေးသားထားပါသည်။
ထို့ကြောင့် ရှေးရိုးစဉ်လာစကားမှတ်တမ်း များနှင့်ပညာရှင်များ၏ ယူဆချက်များအရ ခူမီး၊ အနူး၊ ခေါင်စို၊ ပနမ်းတိုင်းရင်းသားများ သည် လွန်ခဲ့သောနှစ်ပေါင်းများစွာမှ ယနေ့ တိုင်အောင် ပလက်ဝမြို့နယ်တွင် ခူမီးတိုင်းရင်း သွေးချင်းများနှင့်အတူ တစ်မြေတည်းနေ တစ်ရေတည်းသောက်ခဲ့ကြသည်။ မွန်ဂိုလိုက် မျိုးရင်း၊ တိဗက်မြန်မာအုပ်စုဝင်၊ အာသံမြန်မာ အုပ်စုကွဲ၊ ကူကီးချင်းအစုတို့နှင့် အမျိုးအနွယ် တူ တစ်မြေပေါ်အတူဖွား မြန်မာ့သွေးချင်း များပင်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ဤအချက်တို့သည် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးများ ပျံ့နှံ့အခြေစိုက်နေ ထိုင်လာမှု မှတ်တမ်းများကို အခြေခံ၍ တိုင်းရင်းသားအားလုံးသည် မွန်ဂိုတို့၏ မျိုးရင်းကြီးမှ ပေါက်ဖွားဆင်းသက်လာကြောင်း ကို မနုဿဗေဒပညာဖြင့် ခွဲခြမ်းလေ့လာသည့် နည်းဖြင့် သက်သေထူရန်ဆိုသည့် အချက် အရရော၊ တိုင်းရင်းသားအားလုံးတို့၏ ဘာသာ စကား၊ ယဉ်ကျေးမှုဓလေ့၊ ရုပ်သွင်ပြင် လက္ခဏာများကို လေ့လာသောအခါ အားလုံးသည် ဘိုးဘွားတူသူများ ဖြစ်ကြသည် ဟု ဖော်ပြထားရှိမှုများပါတူညီနေကြပြီး ဒေသခံတိုင်းရင်းသားများ၏ ဘိုးဘွားတို့ ဦးနှောက်ဖြင့်မှတ်သား၍ လက်ဆင့်ကမ်း အမွေပေးခဲ့သော ရှေးရိုးစဉ်လာစကား မှတ်တမ်းတို့နှင့်လည်း ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပေမည်။
ယခုအခါ ချင်းအုပ်စုဝင် ခူမီးနှင့် ရခိုင် ဌာနေတိုင်းရင်းသား 'ခမီ'တို့၏ အမည်နာမ စာလုံးပေါင်းထားရှိမှုနှင့်ပတ်သက်၍ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူစဉ် ကာလ မတိုင်မီ ဝေဝေ၏ ချင်းပြည်နယ်က 'ခူမီး' နဲ့ ရခိုင်ပြည်နယ်က 'ခမီ၊' 'ခူမီး'ချင်းမျိုးနွယ်စု ပျောက်နေလို့ ပြန်လည်ဖော်ထုတ်ပေးရန် တောင်းဆိုမှုကို ဤဆောင်းပါးက များစွာ အထောက်အကူဖြစ်မည့်အပြင် မိမိတို့ တိုင်းပြည်/ မိမိတို့လူမျိုးဖြစ်ကြသည့် ခူမီး၊ အနူး၊ ခေါင်စို၊ ပနမ်း တိုင်းရင်းသားတို့ အကြောင်းကိုလည်း ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး သိရှိလေ့လာနိုင်ရန် ရှာဖွေစုဆောင်း၊ ဖတ်ရှုလေ့လာ၊ ကြိုးပမ်း အားထုတ်ရေးသားလိုက်ရပါသည်။
ကိုးကား
၁။ တိုင်းရင်းသားယဉ်ကျေးဓလေ့ထုံးစံ (ချင်း) ၂။ ချင်းမဂ္ဂဇင်း (၁၉၈၄၊၈၅)
၃။ ခမီတိုင်းရင်းသားတို့၏ မီးတောင်းသည့် ဓလေ့၊ (နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း ၁ဝ၄/ဝ၇)၊ မောင်မောင်ကျော့-ပလက်ဝ။
၄။ ခေတ်ဟောင်းမြန်မာရာဇဝင်
ဒေါက်တာသန်းထွန်း
၅။C.C Lowis, The Tribes of Burma.
၆။The Inperial Gozetteer of Imdiaw P.P 31.312.
၇။The Burma Census Report of 1891, Quoted in the Chin Hills, vol.I. Carey Tuck, P.2