တာမွေ ဇန်နဝါရီ ၈
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)၊ Aisa Starmar Transport Intelligent Co., Ltd နှင့် Myanma Platform တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်သည့် MPYPS + Application မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Aisa Starmar Transport Intelligent Co.,Ltd မှ CEO Mrs Lei Yu (မစ်(စ်)လွီ) မှ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ MPYPS + Application အကြောင်းကို Aisa Starmar Transport Intelligent Co., Ltd မှ တာဝန်ရှိသူ Chief Operation Officer ဦးကျော်သိန်းက အသေးစိတ် မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ထို့နောက် ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
“ယနေ့ကစပြီး ဒီ QR CODE စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကို ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီပိုင် YBS (13) ယာဉ်လိုင်းမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မနက်ဖြန်ဆိုရင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီပိုင် YBS (55) ယာဉ်လိုင်းမှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ ဇန်နဝါရီလ (၁၀)ရက်နေ့မှာတော့ GYCT ကုမ္ပဏီပိုင် YBS (57) ယာဉ်လိုင်း၊ ဇန်နဝါရီလ (၁၁)ရက်နေ့မှာတော့ YUPT ကုမ္ပဏီပိုင် YBS (58) ယာဉ်လိုင်း၊ ဇန်နဝါရီလ (၁၂)ရက်နေ့မှာတော့ YUPT ကုမ္ပဏီပိုင် YBS (24) ယာဉ်လိုင်း၊ ဇန်နဝါရီလ (၁၃)ရက်နေ့မှာတော့ YUPT ကုမ္ပဏီပိုင် YBS (28) ယာဉ်လိုင်း၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှာတော့ YUPT ကုမ္ပဏီပိုင် YBS (113) ယာဉ်လိုင်း စသည်ဖြင့် နေ့အလိုက် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ ယခုလက်ရှိမှာ YBS ယာဉ်လိုင်း (၉၅)လိုင်းမှာရှိတဲ့ ယာဉ်အစီးရေ (၃၅၈၀)စီးတွင် YPS စက်များ တပ်ဆင်ပေးထားပြီး လက်ရှိ YPS ကတ် အသုံးပြုသည့် ခရီးသွားပြည်သူ တစ်သိန်းခွဲအထိရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ YBS ခရီးသည်တင်ယာဉ်လိုင်းများမှ တာဝန်ရှိသူများ၊ Aisa Starmar Transport Intelligent Co., Ltd နှင့် Myanma Platform တို့မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် မြို့တွင်းခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ခရီးသည်တင်ယာဉ်လိုင်း (၁၃၁)လိုင်းမှ ယာဉ်အစီးရေ (၃၈၅၀)စီးဖြင့် နေ့စဉ်ခရီးသွားပြည်သူ (၁၆)သိန်းခန့်ကို ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)