နေပြည်တော်၊ ဇန်နဝါရီ ၈

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာ ဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင်  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 

mdn

 

ဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ၂၃၀ ကေဗွီ ပုသိမ် ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံ၏ (Switch Yard) အတွင်း ၂၃၀ ကေဗွီ, ၅၀ အမ်ဗွီအေ ထရန်စဖော်မာအတွက် Switch Bay အသစ်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက ထရန်စဖော်မာဝန်အားကို အမြဲစိစစ်၍မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ် ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ လိုအပ်ပါကထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်မှာကြားပြီး ဝန်ထမ်းများကို ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာ ဝန်ကြီးတို့က ဝန်ထမ်းများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်က အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn