မြစ်ကြီးနား ဇန်နဝါရီ ၉
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး၌ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးစာရင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်မှုတို့ စစ်ဆေးခြင်းတို့အပြင် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်းကို စစ်ဆေးလျက်ရှိပါကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် လျာထားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ သုံးသပ်အကြံပြုချက်များအပေါ် ပြုပြင်ပြောင်းလဲမှုများ၊ အရေးယူဆောင်ရွက်မှုများကို အချိန်မီ ဆောင်ရွက်နိုင်စေရေးအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို အချိန်မီထုတ်ပြန်နိုင်ရန် စီမံကြီးကြပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊၊
စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ဌာန၊ အဖွဲ့အစည်းများ၏ တာဝန်ခံမှု၊ တာဝန်ယူမှုကို ခိုင်မာအားကောင်းစေသည့် အရေးပါသောကဏ္ဍမှ ရပ်တည်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မိမိတို့လုပ်ငန်းတာဝန်များ၏ လေးနက်မှုကို သိရှိနားလည်ပြီး အပြန်အလှန်လေးစားမှုဖြင့် ပေါင်းစပ်ညှိနှိုင်း၍ အဂတိကင်းစွာ ဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန်မှာကြားသည်။
ထို့နောက် ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ် စာရင်းစစ်ရုံးများမှ တာဝန်ခံ အရာထမ်းများက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးဝန်းအတွင်းရှိ လမ်းများအဆင့်မြှင့်တင်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး သက်ပြည့်ပင်စင်ခံစားသည့် အငြိမ်းစားဝန်ထမ်း (၃၅)ဦးအား ဂါရဝပြုဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများနှင့် သွေးလှူရှင်များအတွက် ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်