စစ်တွေ ဇန်နဝါရီ ၉

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV Moon Light သင်္ဘောဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသည့် ပစ္စည်းများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စစ်တွေဖောင်တော်ကြီးဆိပ်ကမ်း၌ ကုန်တင်ကုန်ချပြုလုပ်နေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

MV Moon Light သင်္ဘောတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းတို့မ ှပေးပို့သည့် ဆန်များ၊ ရခိုင်ပြည်နယ ်အစိုးရအဖွဲ့က မှာယူသည့် စားအုန်းဆီ၊ စက်သုံးဆီနှင့် စားသောက်ကုန်များ၊ တည်ဆောက်ရေးသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်း ၂၀၇၄ ဒသမ ၇၅ တန် တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

 

အဆိုပါပစ္စည်းများအား လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ ကုန်တင်ကုန်ချ ပြုလုပ်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသော ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်း ရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်းရှိ ငါးဈေးတန်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ငါးဈေးတန်းအား စနစ်တကျ တည်ဆောက်ရောင်းချနိုင်ရေးနှင့် ဈေးကြီးကမ်းခြေ သန့်ရှင်းရေးတို့ကို အထူးဂရုပြု ဆောင်ရွက်ကြရန် တာဝန်ရှိသူများကိုမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တင်ထွန်း(ပြန်/ဆက်)