မြစ်ကြီးနား ဇန်နဝါရီ ၉

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။

 

အဆိုပါတွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ အမှတ်(၂) တည်ဆောက်ရေး၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) (၄)ရုံးမှ ဝန်ထမ်းများ၊ မဟာဓာတ်အားလိုင်းမှူး(ဝိုင်းမော်)၊ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုး‌ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဥ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရန်နှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်း မွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက်‌ကောင်းမွန်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးစား‌ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျ ကောက်ခံသွားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးပို့ရာတွင်လည်း ထုတ်လုပ်မှုအပေါ် အခြေခံ၍ စနစ်တကျ ထိန်းညှိဖြန့်ဖြူးပေးလျက်ရှိသည်ကို ပြည်သူလူထုထံသို့ ချပြအသိပေး ဆောင်ရွက်သွားရန်နှင့် ထိုသို့ ဖြန့်ဖြူးပေးပို့ရာတွင်လည်း မျှတစွာဖြင့် သတ်မှတ်အချိန်အလိုက် စနစ်တကျ ခွဲဝေဖြန့်ဖြူး ပေးသွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကချင်ပြည်နယ်အတွင်းရှိ ဓာတ်အားဖြန့်ဖြူးမှု အခြေအနေများ၊ ဓာတ်အားခကြွေးကျန်ရရှိရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ စသည်တို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ရှင်းလင်းတင်ပြချက်များအပေါ် လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ပြည်နယ်(ပြန်/ဆက်)