မောင်စိန်ဝင်း (ညောင်ခါးရှည်)
(ယမန်နေ့မှအဆက်)
အမှတ် (၁) စက်မှုဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ စက်ရုံများသည် ပြည်သူလူထု စားဝတ်နေရေးအတွက် နေ့စဉ် အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်း၊ အထည်အလိပ်၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် အခြားအထွေထွေကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ဖွဲ့စည်းထားသကဲ့သို့ အမှတ် (၂) စက်မှုဝန်ကြီးဌာနသည် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လယ်ယာ ကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့ မြင့်မားလာစေရေး၊ ယင်းတို့ကို အထောက်အကူဖြစ်စေသည့် ယာဉ်နှင့် စက်ကိရိယာ အမျိုးမျိုးတို့ကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၉၀) အရ ၁-၄-၁၉၉၀ ရက်နေ့မှစ၍ သုတေသနလုပ်ငန်းဌာနများနှင့် သုတေသန လုပ်ငန်းဆိုင်ရာ မူဝါဒညွှန်ကြားရေးမှူးရုံးကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ရာ ပညာရေး ဝန်ကြီးဌာနတွင် မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာနအနေဖြင့် အမည်ပြောင်းလဲ၍ ဖွဲ့စည်းခဲ့ပါသည်။ ၁၆-၈-၁၉၉၄ ခုနှစ်တွင် အဆိုပါဌာနကို အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ ပြန်လည်လွှဲပြောင်းရယူခဲ့ပါသည်။၁၉၉၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်လွှဲပြောင်းရယူ၍ နည်းပညာတက္ကသိုလ်များ၊ ကောလိပ်နှင့် သိပ္ပံကျောင်းများကို ထည့်သွင်းဖွဲ့စည်းလျက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနအသစ်တစ်ခု ပေါ်ပေါက်လာသည်။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပါလီမန်ဒီမိုကရေစီအစိုးရ၊ အိမ်စောင့်အစိုးရ၊ ပြည်ထောင်စု အစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအစိုးရ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ ကာလများတွင် စက်မှုဝန်ကြီးဌာနသည် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ဖွဲ့စည်းခဲ့ရပြီး ဒီမိုကရေစီ အစိုးရကာလ ၂၀၁၂ ခုနှစ် မတ် ၂၉ ရက်တွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၂)၏ သဘောတူ ခွင့်ပြုချက်အရ ၄-၄-၂၀၁၂ မှစ၍ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စက်မှုဝန်ကြီးဌာနအနေဖြင့် မူလအမည်အတိုင်း ပေါင်းစပ်ဖွဲ့စည်းခဲ့ပါသည်။
နိုင်ငံတော်သမ္မတရုံး၏ ၂၈-၁၁-၂၀၁၉ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် (၁၂၃/၂၀၁၉) အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရ၏ ၃-၅-၂၀၂၁ ရက်စွဲပါအမိန့် အမှတ် (၁၁၇/၂၀၂၁) ဖြင့် စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှခွဲထွက်၍ စက်မှုဝန်ကြီးဌာန အနေဖြင့် ပြန်လည်ရပ်တည်ခဲ့ပါသည်။
စက်မှုဝန်ကြီးဌာနကို ခေတ်အဆက်ဆက်တာဝန်ယူခဲ့ကြသူများ
စက်မှုလက်မှုဝန်ကြီးဌာနသည် ကိုလိုနီခေတ်ဒိုင်အာခီအုပ်ချုပ်ရေး၊ (၉၁) ဌာနအုပ်ချုပ်ရေးတို့တွင် ဝန်ကြီးဌာနတစ်ခုအနေဖြင့် သီးခြားဖွဲ့စည်းမှုမရှိဘဲ ဂျပန်ခေတ်ဒေါက်တာဘမော် အစိုးရလက်ထက်တွင် ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ပျော်ဘွယ်ဦးမြ (၁-၈-၁၉၄၃ - ၂၇-၉-၁၉၄၃) သည် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်တွင်ဖွဲ့စည်းသည့် ဘုရင်ခံအမှုဆောင် ကောင်စီအစိုးရအဖွဲ့တွင် မန်းဘခိုင် (၂၇-၈-၁၉၄၆- ၁၉-၇-၁၉၄၇) သည် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းပြည်ထောင်စုအစိုးရ လက်ထက်တွင် စက်မှုဝန်ကြီးဌာနကို ဟင်္သာတဦးမြ၊ သီရိပျံချီ ဦးချစ်သောင်း၊ ဦးကျော်မြင့်၊ ဦးကျော်ငြိမ်းတို့က အသီးသီးတာဝန်ယူခဲ့ကြပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ဗိုလ်ခင်မောင်၊ ဦးတင်နှင့် ဦးသီဟန်တို့က လည်းကောင်း၊ ၁၉၆၀- ၁၉၆၂ ခုနှစ် ဖဆပလ အစိုးရလက်ထက်တွင် ဦးရာရှစ်ကလည်းကောင်း တာဝန်ယူခဲ့ကြောင်း တွေ့ရပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးကြီးချစ်မြိုင်၊ ဗိုလ်မှူးကြီး မောင်ရွှေနှင့် ဗိုလ်မှူးကြီးသန်းစိန်တို့က တာဝန်ယူခဲ့ကြပါသည်။
အုပ်ချုပ်ရေးစနစ်သစ်စတင်သည့် ၁၉၇၂ ခုနှစ် မတ် ၁၆ ရက်မှစတင်၍ စက်မှုလက်မှုဝန်ကြီးဌာနကို ဦးမောင်မောင်ခ၊ ဗိုလ်မှူးကြီးလှအေး၊ ဗိုလ်မှူးကြီး မောင်ချို၊ ဗိုလ်မှူးချုပ်တင့်ဆွေတို့က လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းသည့် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရ လက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်၊ ဦးအောင်သောင်း၊ ဦးသန်းရွှေ၊ ဗိုလ်မှုးချုပ်ကျော်သန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းသိမ်း (ခေတ္တ ၁၀ လ)၊ ဗိုလ်ချုပ် လှမြင့်ဆွေ၊ ဗိုလ်ချုပ်စောလွင်တို့ကလည်းကောင်း၊ ၂၀၁၀-၂၀၁၅ ခုနှစ် ဒီမိုကရေစီအစိုးရ ပထမ သက်တမ်းတွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဦးကျော်စွာခိုင်၊ ဦးအေးမြင့်၊ ဦးမောင်မြင့် တို့က တာဝန်ယူခဲ့ကြပြီး ၂၀၁၆-၂၀၂၁ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် ဦးခင်မောင်ချို၊ ဦးစိုးဝင်း၊ ဦးဝင်းရှိန်တို့က ပြည်ထောင်စုဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
၂၀၂၁ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဒေါက်တာ ချာလီသန်းက ၂၀၂၁ ခုနှစ် မေ ၃ ရက်မှစတင်၍ ယနေ့အချိန်အထိ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
စက်မှုဝန်ကြီးဌာနသည် နိုင်ငံတော်၏ လိုအပ်ချက်အရ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ဦးဆောင်သူ အစိုးရအဖွဲ့၏ နိုင်ငံရေး၊ စီးပွားရေးမူဝါဒများနှင့်အညီ အသွင်အမျိုးမျိုးဖြင့် ရပ်တည်ခဲ့ရပါသည်။ ယနေ့ အချိန်တွင် ပြောင်းလဲလာသည့် စီးပွားရေးမူဝါဒအရ နိုင်ငံပိုင်စက်ရုံများကို ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်လျက် နည်းပညာနှင့် အရင်းအနှီးများ ထည့်ဝင်၍ (P.P.P)Public-Private-Partner-ship) စံနစ်ဖြင့် ပုဂ္ဂလိကစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဆောင်ရွက်လျက်ရှိပါသည်။
အကြီးစားစက်မှုလုပ်ငန်းများဖြစ်သည့် သံမဏိစက်ရုံများမှ နိုင်ငံတော် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် သံနှင့်သံမဏိ ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်မှ ဒုတိယအချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး လုပ်ငန်းများကို အလေးပေး ဆောင်ရွက်နေပါသည်။
နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများသည် Industry 4.0 အဆင့်သို့ အပြည့်အဝ မရောက် ရှိသေးသော်လည်း စက်မှုလုပ်ငန်းအမျိုးအစား ၁၄ မျိုးအနက် စားသောက်ရေးနှင့် ဆေးဝါးဆိုင်ရာ စက်မှုလုပ်ငန်းများ၊ ဝတ်ဆင်ရေး၊ နေထိုင်ရေး၊ လူသုံးကုန်ပစ္စည်း၊ စာပေနှင့် အနုပညာဆိုင်ရာ စက်မှုလုပ်ငန်းများ စသည့်ကဏ္ဍများတွင် ကုန်ကြမ်းပစ္စည်း သိုလှောင်သည်အဆင့်မှ ထုတ်လုပ်မှု၊ ဖြန့်ချိ ရောင်းချမှု Supply Change တစ်လျှောက်လုံးတွင် အလိုအလျောက်စက်ကိရိယာများ၊ ဒစ်ဂျစ်တယ် နည်းပညာများ အသုံးပြုလျက် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
ကိုးကား-
မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း
မဟာရာဇဝင်ကြီး
မြန်မာမင်းများလက်ထက်စက်မှုလက်မှု
လုပ်ငန်းသမိုင်း
အင်တာနက်စာမျက်နှာများ