ဇန်နဝါရီ ၁၀

အီရန်နိုင်ငံမြောက်ပိုင်းရှိ အလုကုန်ပစ္စည်းစက်ရုံတစ်ခုတွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Fars သတင်းအေဂျင်စီက ဖော်ပြထားသည်။ ထိုပေါက်ကွဲလောင်ကျွမ်းမှုကြောင့် စက်ရုံအဆောက်အဦနှင့် ပစ္စည်းကိရိယာများပျက်စီးသွားခဲ့သည်။ အယ်လ်ဘို့ဇ်ပြည်နယ် ဖာဒတ်စ်ခရိုင် ဆင်မ်ဒတ်ရှ်စက်မှုဇုန်ရှိ စက်ရုံတစ်ခု၌ အလှကုန်စပရေးဖြည့်ရာတွင်အသုံးပြုသည့် ဓါတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနအကြီးအကဲ၏ပြောကြားချက်ကိုကိုးကားပြီး Fars သတင်း အေဂျင်စီက ဖော်ပြထားသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူအားလုံးအနက် ဒဏ်ရာရရှိသူအချို့သည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ပြီး ၎င်းတို့ကို ဆေးရုံသို့လွှဲပြောင်းပေးခဲ့သည်ဟု ယင်းပြည်နယ်၏ဆေးဘက်ဆိုင်ရာ အရေးပေါ်အဖွဲ့ အကြီးအကဲ၏ပြောကြားချက်ကို ကိုးကားကာ အိုင်အာအင်န်အေ သတင်းအေဂျင်စီက ဖော်ပြထားသည်။ ထိုမီးလောင်ကျွမ်းမှုကို မီးသတ်ကားကိုးစီး၊ မီးသတ်သမား ၂၅ ဦးတို့ဖြင့် ဒေသစံတော်ချိန် ၁၅ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် စက်ရုံပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသူမရှိကြောင်း ၎င်းကထပ်လောင်းပြောသည်။ ဖာဒတ်စ်ခရိုင်သည် ပြည်နယ်မြို့တော် ကာရတ်၏အရှေ့တောင်ဘက်တွင်ရှိပြီး လူဦးရေ ၈၀၀၀၀၀ ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို