မြစ်ကြီးနား ဇန်နဝါရီ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်သည် မတူကွဲပြားခြားနားသည့် မြေနိမ့်မြစ် ဝှမ်းလွင်ပြင်များမှသည်ရေခဲဖုံးလွှမ်းသည့် တောင်မြင့်များအထိဂေဟဇုံ အမျိုးမျိုးပါဝင်ပြီး ကောက်ပဲသီးနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စားရေရိက္ခာပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာဖူလုံစွာဖြင့်  အဟာရပြည့်ဝစွာ ရရှိရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးကွက်ပိုမိုရရှိစေရန်နှင့် သာယာလှပသည့် မြစ်ချောင်းတောတောင် ရေမြေသဘာဝများကို မပျက်စီးမထိခိုက်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ကျင့်စဉ်ကို လိုက်နာကျင့်သုံးရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်တွင်တိုးပွားလာမည့် လူဦးရေ စားသုံးရန်အတွက်သာမက၊ စိုက်ပျိုးရေးထွက်ကုန်ကို အခြေခံသည့် (MSME) လုပ်ငန်းများကို အားပေးကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဆောင်ရွက်နေပါကြောင်း။

ထို့အပြင် ၂၀၂၄ ခုနှစ်သည် အားကောင်းသော အယ်နီညိုဖြစ်စဉ် ရာသီဥတုကြောင့် အပူလွန်ကဲခြင်း၊ မြေပေါ်ရေကန်များ ခမ်းခြောက်ခြင်း၊ မြေအောက်ရေမျက်နှာပြင် နိမ့်ကျခြင်းများ ဖြစ်ပေါ်နိုင်ပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာနိုင်သည်ကို သတိထားရမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည့် “ တောင်သူလယ်သမားများအတွက် နည်းပ ညာ၊ သွင်းအားစု(မျိုးစေ့၊ ဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာ)များကို လွယ်ကူအဆင်ပြေစွာ ရရှိသုံးစွဲနိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် ပံ့ပိုးကူ ညီစီမံဆောင်ရွက်ရန်” ဆိုသည့် ပြဌာန်း ချက်နှင့်အညီ ယခုကဲ့သို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်း မန်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊  အရည်အသွေးကောင်း ထုတ်လုပ်သည့် သီးနှံထုတ်ကုန်များသည် ဒေသအတွက် နိုင်ငံခြားဝင်ငွေများစွာ ရရှိစေမည်ဖြစ်အတွက် အစိုးရဌာနနှင့် ပုဂ္ဂလိကတောင်သူများ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ဦးစီးမှူး ဦးဌေးလွင် က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး  စည်းမျဉ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးများက သီးနှံ/ပန်းမန် အမျိုးအစားအလိုက် ပြိုင်ပွဲတွင် ဆုရရှိသည့် တောင်သူပုဂ္ဂလိကလုပ်ငန်းရှင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

သတင်းစဉ်