နေပြည်တော် ဇန်နဝါရီ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယနေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို သမဝါယမ အသင်းအဖွဲ့စနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသင်းသား တောင်သူများ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာများအား ရာသီအချိန်မီ ထောက်ပံ့ပေးရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product-OVOP) ထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရေးနှင့် မဆောင်ရွက်နိုင်သော လုပ်ငန်းများ အချိန်မီပြန်လည်အပ်နှံရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ရက်ကန်းပညာများ သင်ယူနေကြသည့် သင်တန်းသူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းများကို ယခုဘဏ္ဍာနှစ်မှ စတင်ဖွင့်လှစ်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် လုပ်ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေးနေပါကြောင်း၊ ရက်ကန်းပညာရပ်များကို ရိုးရာမပျက် ခေတ်မှီဒီဇိုင်းဆန်းများ တီထွင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလေ့လာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသူများ၏ လေ့လာသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ သင်တန်းကျောင်း၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်