နေပြည်တော် ဇန်နဝါရီ ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးဆွေနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring Resort ၌ ယနေ့ မွန်းလွဲ (၃) နာရီ တွင် ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကချင်ပြည်နယ် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ခရိုင်/မြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များနှင့်တွေ့ဆုံသည်။
 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက Public Private Dialogue ကို ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် က ဦးဆောင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံများနှင့် Online Zoom Meeting ဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကချင်ပြည်နယ်ရှိ လုပ်ငန်းရှင်များကိုလည်း ပါဝင်၍ တက်ရောက်စေမည်ဖြစ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ (၂) ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မြစ်ကြီးနား ခရိုင်/ မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြမှုများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံနှင့်အတူ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်