နေပြည်တော် ဇန်နဝါရီ ၁၀

ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးသန့်ဇင်ကိုကို၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင် နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းသား/ သင်တန်းသူများနှင့်တွေ့ဆုံသည်။

ဦးစွာ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သူနာပြုသင်တန်းကျောင်း နှင့်ပတ်သက်၍ သင်ကြားရေးကိစ္စရပ်များ၊ သင်တန်းသား/သူများ၏ စားသောက်နေထိုင်ရေး များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယနေ့ သင်တန်းသား/သင်တန်းသူများသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ကျရာအခန်းကဏ္ဍမှနေ၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိနိုင်ငံအကျိုးအတွက် နိုင်ငံ့သားကောင်း သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများအတွက်ဝတ်စုံစရိတ်၊ စားစရိတ်၊ ပညာရှင်ကြေးများ စသည်ဖြင့်ထောက်ပံ့ပေးလျက်ရှိသလို ဝန်ကြီးဌာနမှလည်း သူနာပြုသင်တန်းသား/ သင်တန်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မျက်ခြေမပြတ်စောင့်ကြည့်ကာ ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

သင်တန်းတက်ရောက် အောင်မြင်ပြီးပါက ကုသရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအပြင် သင်ကြားရေးလုပ်ငန်းများကိုပါ ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ သင်တန်းကျောင်းမှ တာဝန်ရှိသူများက လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်၍ ပြည်ထောင်စုဝန်ကြီးက သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးထံ သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့၊ တိုင်းရင်းဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသောလူနာများကို ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံနှုတ်ဆက်၍ ထောက်ပံ့ငွေများပေးအပ်ကာ ပြည်သူလူထုအားကိုးသည့် တိုင်းရင်းဆေးရုံ ကြီးဖြစ်သည့်အားလျော်စွာ တိုင်းရင်းဆေးဖြင့် လူနာများစိတ်အေးချမ်းသာစွာ ကုသနိုင် ရေးစီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး တိုင်းရင်းဆေးရုံကြီးနှင့် ပရဆေးယျာဉ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်