မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော် ကမ္ဘာမှာလူဦးရေ သန်းငါးရာကျော်ရှိတဲ့ ဗုဒ္ဓဘာသာကို ရိုင်းစိုင်းစော်ကားဖျက်ဆီးတဲ့ အကြမ်းဖက်သောင်းကျန်းသူများ လုပ်ရပ်အကြောင်းကို ကမ္ဘာသူ ကမ္ဘာသားများ အားလုံးသိစေဖို့အတွက် တိုင်တည်အသိပေးလိုပါတယ်။ ကမ္ဘာသူကမ္ဘာသားများအားလုံး၊ ဘာသာရေးခေါင်းဆောင်များ အားလုံးခင်ဗျာ၊ MNDAA ကိုးကန့်အကြမ်းဖက် သောင်းကျန်းသူများဟာကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ နေထိုင်ပါတယ်။ မြန်မာ့ရေကို သောက်ပါတယ်။ မြန်မာနိုင်ငံကိုပဲမှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ၊ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဘုရားစေတီတော်ကိုအခုလို မိုက်ရိုင်းစော်ကား ဖျက်ဆီးခဲ့ပါတယ်။
MNDAA ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူများဟာ သူတို့ ဝင်ရောက်သောင်းကျန်း ဖျက်ဆီးနေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် (မြောက်ပိုင်း)လောက်ကိုင် မြို့နယ် ဆီအောကျေးရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ဆင်ဦးကင်းကုန်း (ပွိုင့်-၂၂၀၂) တောင်ပေါ်မှာရှိတဲ့ ဒေသခံပြည်သူများနဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ စေတီတစ်ဆူကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၈ ရက်နေ့က မိုက်ရိုင်းစော်ကား ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။ ဒီဘုရားစေတီဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းက ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံး အမနဲ့အညီ ဗုဒ္ဓမြတ်စွာဘုရား၏ကိုယ်စား ကိုးကွယ်မှုပြုတဲ့ ဥဒ္ဒိဿစေတီတော် ဖြစ်ပါတယ်။ ဒီလိုရိုင်းစိုင်း ယုတ်မာတဲ့ဖြစ်ရပ်ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဝင်တွေအားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဝမ်းနည်းကြေကွဲ ရပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုသာမက ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံစတဲ့ နိုင်ငံတွေနဲ့ ဒီအဖြစ်အပျက်ဖြစ်ပွားရာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ နီးစပ်တဲ့ တိဘက်ဒေသ၊ ယူနန်ဒေသစတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များအားလုံးကို စော်ကားလိုက်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အလားတူ ရှမ်းပြည်နယ် မူဆယ်မြို့အဝင် ရပ်တော်မူဘုရား ဘုန်းကြီးကျောင်း ကိုလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လ ၄ ရက်နေ့က မောင်းသူမဲ့လေယာဉ် Drone များကို အသုံးပြုပြီး ဗုံးကြဲချခဲ့ပါတယ်။ ဒါတွေ ဟာ MNDAA ၊ TNLA ၊ AA စတဲ့အကြမ်းဖက် သောင်းကျန်းသူ သုံးဖွဲ့ရဲ့ ဘာသာတရားအပေါ် အကြမ်းဖက်မှုများ ဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး၊ ဘာသာရေးခေါင်းဆောင်များအားလုံးခင်ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကမ္ဘာ့ကိုးကွယ်ရာ ဘာသာဖြစ်တဲ့ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာစတဲ့ဘာသာကြီးလေးမျိုးအပြင် အခြားကိုးကွယ်ရာ ဘာသာများကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားတဲ့နိုင်ငံပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ နိုင်ငံတော်အကြီးအကဲများအနေနဲ့လည်း ကိုးကွယ်ရာဘာသာအလိုက် အားပေးမှု တွေ၊ ချီးမြှောက်မှုတွေ၊ ထောက်ပံ့မှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး၊ ဘာသာရေးခေါင်းဆောင်များ အားလုံးခင်ဗျာ။ ကျွန်တော်တို့အားလုံးရဲ့ ယုံကြည်ကိုးကွယ် ရာဘာသာ တရားအားလုံးရဲ့အခြေခံအဆုံး အမဟာလူသားတစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြဖို့၊ ကြင်နာကြဖို့၊ မေတ္တာတရားထားကြဖို့၊ လေးစား တန်ဖိုးထားကြဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဆန့်ကျင်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူများရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကို ကမ္ဘာသူ ကမ္ဘာသားအားလုံး သိမြင်ကြစေ ချင်ပါတယ်။ ဝိုင်းဝန်းထိန်းသိမ်းကြစေချင် ပါတယ်။ သိမြင်ကြစေဖို့၊ ဝိုင်းဝန်းထိန်းသိမ်းနိုင်ကြစေဖို့ တင်ပြလိုက်ရပါတယ်ခင်ဗျာ။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာ ဘေးဘယာ ဝေးကွာကြပါစေခင်ဗျာ။