နေပြည်တော် ဇန်နဝါရီ ၁၁

တပ်မတော်(ရေ)မှ မြန်မာ့ပင်လယ်ပြင်တွင် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲတွင် တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်(ခန့်မှန်း မြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်)၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ်(သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄) အမည်ရှိ စက်လှေအား စစ်ဆေး ရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့် တို့ ၄ ဦး နှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီခွဲတွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုးကျော်(ခ)စိုးစိုးကျော် အား တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိ ခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် အိုက်စ် (မက်သ်အဖက်တမင်း)များ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် ချစ်ထူးနိုင်(ခ)ဆရာချစ် နှင့် ကျော်ဇင်ဦး တို့ပါ တရားခံ ၇ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်